မူဆယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများစွာရ 

မူဆယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများစွာရ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု၊ နားထမ်နှင့် ဂေါင်ရာကျေးရွာအနီးတွင် ယမန်နေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းမှ ညနေအထိ စစ်ကောင်စီတပ်နှင့်  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် တပ်မ(၉၉) ခမရ-(၄၂၀)၊ စကခ(၂) ခလရ -(၂၆၁) (၄၂၁)နှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး TNLAရှိရာကို ထိုးစစ်ဆင်လာရာက နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများရှိခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း  စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (၁၀)ဦးသေပြီး RPG (၁)လက်၊ RPG-7 ဗုံးသီး (၂၀)လုံး၊ MA-1 (၁)လက်၊ AK-81 (၁) လက်၊ ၆၀ မမ ထောင့် (၁)ခု၊ ၈၁ မမ ထောင့်(၁)ခု၊  ၈၁ မမ ဗုံးသီး (၄၀)လုံး၊ စက်လတ် (၁)လက်၊ ကျည်ဆံ(၅၀၀၀)တောင့်၊ ဆက်သွယ်ရေးစက်ကြီး (၁)လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့မှ သြဂုတ်လ (၂)ရက်နေ့အထိ TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ (၉)ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (၂၅)ဦးသေကာ တစ်ဦးကို TNLAမှ အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : News & Information Department