Covid-19 စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၌ ကျင်းပမည့်  (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အားကစားသမား (၁၂,၅၂၇)ဦး ဝင်ရောက် ယှဉ်ပြိုင်မည် 

Covid-19 စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၌ ကျင်းပမည့်  (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အားကစားသမား (၁၂,၅၂၇)ဦး ဝင်ရောက် ယှဉ်ပြိုင်မည် 
ဇူလိုင် 29, 2023 | နိုင်ငံတကာသတင်း
By Mr John

 Covid-19 စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် ဟန်ဇူးမြို့၌  ယခုနှစ်အတွင်း ကျင်းပသွားမည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ Asian Games ကို အာရှတစ်လွှားမှ အားကစားသမား (၁၂,၅၂၇) ဦး ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အားကစားသမား အရေအတွက် စံချိန်တင် အများဆုံးဖြစ်သည်ဟု စီစဥ်သူများက ၂၀၂၃ခုနျစ် ဇူလိုင်လ (၂၇) ရက်နေ့တွင် ပြောသည်။

အိမ်ရှင် တရုတ်နိုင်ငံမှ အားကစားသမား (၆၀၀) ကျော် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ အပါအဝင် အာရှအိုလံပစ်ကောင်စီ Olympic Council of Asia (OCA) ၏ အဖွဲ့ဝင် နိုင်ငံနှင့် နယ်မြေ (၄၅) ခုလုံးက ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဟု ဆိုသည်။ 

ယခင်က အားကစားသမား အများဆုံး စံချိန်တင်ထားမှုမှာ အင်ဒိုနီးရှားနိုင်ငံ Palembang မြို့တွင် ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် အာရှအားကစားပြိုင်ပွဲဖြစ်ပြီး အားကစားသမား (၁၁,၃၀၀) ခန့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲ 2024 Olympic Games ကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသည့် ရုရှားနှင့် ဘီလာရုစ် နိုင်ငံတို့မှ အားကစားသမား (၅၀၀) ခန့်ကို ယခုနှစ် အာရှအားကစားပြိုင်ပွဲသို့ ဧည့်သည်များအဖြစ် ပါဝင်ခွင့်ပြုပါက အားကစားသမား အရေအတွက်မှာ ပို၍ပင် များပြားလာနိုင်ကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ရုရှားနှင့် ဘီလာရုစ် အားကစားသမားများကို နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းမှ ပိတ်ပင်ထားသည်။ 

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မူလက ၂၀၂၂ ခုနှစ်တွင် ကျင်းပရန် စီစဥ်ထားခဲ့သော်လည်း တရုတ်နိုင်ငံ၏ တင်းကျပ်သော COVDI-19 ကပ်ရောဂါ စည်းမျဥ်းစည်းကမ်းများကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ၏ သမိုင်းဝင်မြို့တစ်မြို့ဖြစ်သည့် ဟန်ဇူးမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၈) ရက်မှ အောက်တိုဘာလ (၈) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး Shaoxing, Ningbo နှင့် Jinhua အပါအဝင် အိမ်နီးချင်းမြို့များတွင်လည်း အားကစားပြိုင်ပွဲ နေရာများ စီစဥ်ထားကြောင်း သိရသည်။

 

Source: SCMP