ဘုတလင်မြို့နယ် ဗကသ ကျောင်းသားများ သတ်ဖြတ်ခံရမှု အကြမ်းဖက်စစ်တပ် တာဝန်ခံရမည်ဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

ဘုတလင်မြို့နယ် ဗကသ ကျောင်းသားများ သတ်ဖြတ်ခံရမှု အကြမ်းဖက်စစ်တပ် တာဝန်ခံရမည်ဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာရှိ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကျောင်းသားများ သတ်ဖြတ်ခံရမှု အကြမ်းဖက်စစ်တပ် တာဝန်ခံရမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့၂၀၂၃ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့က ညောင်ကန်ကျေးရွာရှိ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို စစ်ကောင်စီတပ်က အင်အားသုံးကာ ဝင်ရောက်စီးနင်းခဲ့ပြီး ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဌ ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်)နှင့် သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့ကို ရက်စက်စွာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သက်သေများ ဖျောက်ဖျက်ရန် ကြံစည်၍ ရုပ်အလောင်းများကို မီးရှို့ခဲ့ကြပြီး ကြွင်းကျန်ရစ်သောရုပ်အလောင်းများတွင် ကိုသုတနေမှာ အရှင်လတ်လတ် လျှာဖြတ်ခံရသည့် ဒဏ်ရာ၊ ရင်ညွန့်တွင် ဓားထိုးသွင်းဒဏ်ရာများဖြင့် ရက်စက်စွာ အသတ်ခံခဲ့ရသည်ကို တွေ့ရှိရသည်ဟု သိရသည်။

မတရားသတ်ဖြတ်ခံခဲ့ရသည့် အဆိုပါကျောင်းသားများသည် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် နွေဦးတော်လှန်ရေးတွင် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)ကို အောင်မြင်စွာ ကြိုးပမ်းဖြေဆိုထားကြသော ကျောင်းသားများလည်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြစ်မှုကင်းစင်သည့် ပညာတတ်ကျောင်းသားလူငယ်များကို အဆက်မပြတ် ရက်စက်ကြမ်းကြုတ် လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်သည် ၎င်းတို့ကျူးလွန်သမျှ မတရားမှုတိုင်းအတွက် တာ၀န်ခံရမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား အသိပေးထုတ်ပြန်သည်ဟု ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း ကျဆုံးသွားခဲ့သော ကျောင်းသားများဖြစ်သည့် ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနှင့် ကိုသုတနေတို့အား သူရဲကောင်းများအဖြစ် အစဉ်အမြဲ အောက်မေ့ကာ အပြစ်မဲ့ပြည်သူလူထုအပေါ်  နှိပ်စက်ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်၏ ရာဇ၀တ်မှုများကို အတိအကျ မှတ်တမ်းတင်၍ တရားမျှတမှု ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပြီး အရေးတော်ပုံအောင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency