ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရ

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် အင်ကုန်းကျေးရွာအနီးနှင့် နံဇကျေးရွာတို့တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့က စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ(၂၆၄)၊ ပဲနွယ်ကုန်းအခြေစိုက်တပ် ခမရ(၃၀၇)၊ ကညွတ်ကွင်းအခြေစိုက်တပ် ခမရ(၄၃၉)၊ ရွှေကျင်အခြေစိုက်တပ် ခမရ(၃၅၀)နှင့် ပျူစောထီးအဖွဲ့၊ ရဲတပ်ဖွဲ့ စုစုပေါင်း(၄၀၀)ဝန်းကျင်နှင့် KNLA တပ်ရင်း(၉) ပူးပေါင်းတပ်ဖွဲ့တို့ အကြား ည(၁၁)နာရီကျော်တွင် အင်ကုန်းကျေးရွာအနီး၌ တစ်ကြိမ်၊ ည(၁၂)နာရီကျော်တွင် နံဇကျေးရွာတွင် တစ်ကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူးတစ်ဦး အပါအဝင် အများအပြား သေပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ နံဇကျေးရွာအတွင်းသို့ ဝင်ရောက်၍ ဇူလိုင်လ (၂၃)ရက်နေ့အထိ တပ်စွဲကာ နံဇကျေးရွာအတွင်းရှိ နေအိမ်အလုံး(၂၀)ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ ဒေသခံများ၏ ပစ္စည်းဥစ္စာများ၊ ပရိဘောဂများနှင့် ကျွဲနွားတိရိစ္ဆာန်များ၊ အိမ်မွေးတိရိစ္ဆာန်များကိုလည်း သိမ်းယူသွားသည်ဟု KNU ဗဟိုက ယနေ့ ဇူလိုင်လ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက် (၇)နာရီအချိန်တွင် KNLA တပ်ရင်း(၉)နှင့် ပူးပေါင်းတပ်ဖွဲ့များက နံဇကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်၏ M-79(၃၀)လုံး၊ Natoပြောင်း (၁)ချောင်း၊ MA ကျည်ဆံ (၄၂၆၀)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။  

အဆိုပါ နံဇရွာထိပ်၌ ဇူလိုင်လ (၂၅)ရက်နေ့ ည(၉)နာရီတွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင်လ (၂၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရာ သေဆုံးနေသည့် စစ်ကောင်စီတပ်သား အလောင်း(၇)လောင်းနှင့် လက်နက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲထံမှ သိရသည်။

#TachileikNewsAgency

Photo : ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့