လက်ခတ်တောင်စခန်းကုန်းအား ပြန်လည်ရရှိရေး စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ

လက်ခတ်တောင်စခန်းကုန်းအား ပြန်လည်ရရှိရေး စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ မေတ္တာလင်းမြိုင် နှင့် လက်ခတ်တောင်အကြားရှိ လက်ခတ်တောင်စခန်းကုန်းအား ပြန်လည်ရရှိရေး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဇူလိုင်လ (၂၄)ရက်နေ့က စတင်ကာ  စစ်ကြောင်းထိုးလာရာက ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၂၄)ရက်နေ့က မိနစ်(၄၀)ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးသူများပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ် အချက်အလက်ကိုမူ မသိရသေးပါ။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို KNLAပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ (၂၁)ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြန်လည်ရယူနိုင်ရန် စစ်ကောင်စီ တပ်မ(၄၄)မှူးက တိုက်ရိုက်ညွှန်ကြားပြီး ခမရ(၂)နှင့် ခမရ(၁၁၈)မှ အင်အား (၁၀၀)ကျော်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : လက်ခတ်တောင်စခန်းအား သိမ်းပိုက်ရရှိစဉ်