ICC ရှေ့နေချုပ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ  ရိုဟင်ဂျာ ဒုက္ခသည်များ တွေ့ဆုံ

ICC ရှေ့နေချုပ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ  ရိုဟင်ဂျာ ဒုက္ခသည်များ တွေ့ဆုံ
ဇူလိုင် 6, 2023 | 2021 Military Coup

ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)ရှေ့နေချုပ် ကာရင်း အေအေ ခန်းနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့  ၂၀၂၃ခုနှစ် ဇူလိုင်လ(၆)ရက်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။ 

"ဒုက္ခသည် တချိုနဲ့ တွေ့ဆုံတယ် ICC ပရော့ဆက်ကို ရှင်းပြသွားတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှု  အချက်အလက်တွေနဲ့ ပြည့်စုံတဲ့ သူတွေနဲ့ တွေ့သွားတာပါ။ ဒီမှာရှိတဲ့ သူတွေ အားလုံးကတော့ စစ်တပ်ရဲ့ ကျူးလွန်ခံရသူတွေပါ။ အဲဒီအထဲကမှ အချက်အလက်ပြည့်စုံသူတွေနဲ့ တွေ့သွားတာပါ။"ဟု ကော့ဘဇားခရိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက Tachileik News Agencyကို ပြောသည်။

ICC ရှေ့နေချုပ်သည် ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းအမှတ် (၁)ကို နံနက်(၉)နာရီတွင် ရောက်ရှိကာ ဒုက္ခသည်တချိုနှင့် တွေ့ ဆုံခဲ့ပြီး နံနက်(၁၁)နာရီတွင် စခန်းအမှတ်(၁၂)မှ ဒုက္ခသည်(၂၀)ဦး ဝန်းကျင်နှင့် ထပ်မံတွေ့ဆုံခဲ့သည်ဟု သိရသည်။

၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူလ်မိုမန်နှင့် ဇူလိုင်လ (၄)ရက်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။ 

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ရသည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီး ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာ စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ်က ICC တွင် တင်သွင်းထားခြင်းဖြစ်သည်။

ICC ရှေ့နေချုပ်၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့သေးသည်။

#TachileikNewsAgency