ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း Homalin People’s Defense Force–HPDF 124ထံမှ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၄)ရက်နေ့တွင် သိရသည်။

လက်နက်ခဲယမ်းမည်မျှ သိမ်းဆည်းရရှိကြောင်းကိုမူ သက်ဆိုင်ရာ တပ်ဖွဲ့များက စာရင်းထုတ်ပြန်ခြင်းမရှိ‌သေးပါ။

၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခလရ(၂၇၂)၊ ခမရ(၃၀၉)၊ ကသည်းလက်နက်ကိုင်နှင့် ရှမ်းနီတပ်ဖွဲ့ (SNA) ပူးပေါင်းစစ်ကြောင်းသည် အင်အား (၁၀၀)ဝန်းကျင်ဖြင့် ဖောင်းပြင်မြို့မှတဆင့် ကော်ကမ်းကျေးရွာသို့ လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုးလာခဲ့ရာက တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ(၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တို့တွင်လည်း ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ (၂၉)ရက်နေ့  ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲချခဲ့ကြောင်း သိရ သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် SNAတပ်များ အထိနာကာ ဇွန်လ (၃၀)ရက်နေ့တွင် လက်နက်ကြီးပစ်ကူရယူ၍ ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။ 

အဆိုပါ နှစ်ရက်ကြာတိုက်ပွဲအတွင်း အရပ်သား(၂)ဦး သတ်ဖြတ်ခံခဲ့ရကာ PDF ရဲဘော် တစ်ဦးနှင့် ပ.က.ဖ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရာ သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo : HPDF 124