အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကလလတ ကြေညာ

အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကလလတ ကြေညာ

ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)တို့နှင့် နီးကပ်စွာလက်တွဲပြီး အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် တရားဝင် အသိပေးကြေညာလိုက်သည်။

သံလွင်မြစ် အရှေ့ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့တွင် ၂၀၂၃ ခုနှစ် ဇွန်လ(၁၃)ရက်နေ့က စတင်ပစ်ခတ်လိုက်သည့် သေနတ်သံများ၊ တိုက်ပွဲများဖြင့် ကလလတ၏ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ်လိုက်ပါပြီဟုလည်း အဆိုပါကြေငြာချက်တွင် ထုတ်ပြန်ထားသည်။

အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ၊ တိုက်ပွဲဝင်နေကြသည့် ရဲဘော်များ၊ တိုက်ဖော်တိုက်ဖက်များ၊ မိတ်ဆွေများက တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီပေးကြရန်၊ တော်လှန်ရေးအကျိုးမြော်မြင်ချက်နှင့် ညီညွတ်ရေးရှေ့ရှုချက်ဖြင့် ကလလတ၏ လုပ်ဆောင်မှုများကို ဝေဖန်တည့်မတ်ပေးကြရန် ပြည်သူများလက်ဝယ်သို့ အပ်နှံကြောင်းလည်း ထုတ်ပြန်ထားသည်။

 

ဗမာပြည်တဝန်း တောင်ပေါ်မြေပြန့်ဒေသအနှံ့၌ အကြမ်းဖက်(စကစ)စစ်အုပ်စုကို တော်လှန်ရေးအင်အားစု အသီးသီးက ခုခံတော်လှန်တိုက်ပွဲဝင်နေကြသလို ကလလတ အဖွဲ့အစည်းအနေဖြင့်လည်း ကရင်နီပြည် စစ်မျက်နှာမှ အကြမ်းဖက်(စကစ)စစ်အုပ်စုကို ပြတ်ပြတ်သားသားတိုက်ခိုက်သွားမည်ဟု ဆိုသည်။

 

“စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင်တိုက်ဖျက်ရေး”ကို ကလလတ အဖွဲ့အစည်းအနေနဲ့ လတ်တလောရည်မှန်းချက်အဖြစ် တိတိကျကျထားရှိကာ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေကြသည့် တောင်ပေါ်မြေပြန့်ဒေသအနှံ့က မည်သည့်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့မဆို အပြန်အလှန်နားလည်မှု၊ သွေးစည်းညီညွတ်မှု၊ မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းမှုများကို အဆင့်ဆင့်တည်ဆောက်သွားရန် အဆင်သင့်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

တောင်ပေါ်မြေပြန့်ဒေသအနှံ့ရှိ မည်သည့်တော်လှန်ရေးအဖွဲ့အစည်းများနှင့်မဆို အခြေခံအဆင့်ဖြစ်သည့် တိုက်ပွဲဝင်အပြန်အလှန်နား လည်မှုရရှိရေးမှအစပြုပြီး အပြန်အလှန်ကူညီကြရန်၊ သွေးစည်းညီညွတ်ကြရန်နှင့် မဟာမိတ်တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းသွားနိုင်ရန်အထိ မျှော်မှန်းထားသည်ဟု သိရသည်။

ကလလတသည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ နိုင်ငံရေး ယုံကြည်ချက်၊ အမြင်မတူညီမှုများကြောင့် ၁၉၇၈ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)အဖြစ် သီးခြားဖွဲ့စည်း ရပ်တည်ခဲ့ခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့် လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု(လပဒတ) ဖွဲ့စည်းရာမှာလည်း တပ်ပေါင်းစု အဖွဲ့ဝင်အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ပါဝင်ခဲ့ပြီး တပ်ပေါင်းစုတာဝန်များကို တပ်ပေါင်းစုအဖွဲ့ဝင်များနှင့် လက်တွဲ ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

စစ်ရေးဆိုင်ရာစိန်ခေါ်မှု အကြောင်းအချက်အမျိုးမျိုးများအောက်တွင် မလွှဲသာမရှောင်သာတော့ပဲ ၁၉၉၄ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် (နအဖ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ရကာ ၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇွန်လ(၁၃)ရက်နေ့အထိ နှစ်ပေါင်း(၃၀)နီးပါး အပစ်ရပ်ကာလအတွင်းမှာ တပ်ဖွဲ့ဝင်အင်အားတချို့က်ု နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ် အသွင်ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်အုပ်စု၏ အဆွယ်အပွားတပ်တစ်ခုဖြစ်သည့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)ဘဝမှ စစ်အုပ်စုကို ပြန်လည်ခုခံတော်လှန်သည့် တပ်အဖြစ် အောင်မြင်စွာ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီဟု ဆိုသည်။

အပစ်အခတ် ရပ်စဲထားစဉ်ကာလအတွင်း ပြည်သူလူထုက မနှစ်သက်၊ မလိုလားသည့် အပြုအမူတချို့၊ ဖြစ်ရပ်တချို့ဖြစ်ပွားခဲ့ခြင်းအား ပွင့်လင်းစွာဝန်ခံပြီး ထိုသို့သော တိမ်းစောင်းမှားယွင်းမှုများအတွက် ပြည်သူလူထုကို အလေးအနက် ဝန်ချတောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency