ပရီဂိုရှင်နှင့် ဝါဂနာ ကြေးစားတပ်ဖွဲ့ ဘာဆက်ဖြစ်မလဲ?

ပရီဂိုရှင်နှင့် ဝါဂနာ ကြေးစားတပ်ဖွဲ့ ဘာဆက်ဖြစ်မလဲ?
By Mr John

 

ရုရှားနိုင်ငံတွင် သမ္မတပူ ဗလာဒီမာ ပူတင်၏ အာဏာအတွက် ရုတ်တရက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သွားခဲ့သည့် ဝါဂနာ ကြေးစားတပ်ဖွဲ့က မော်စကိုမြို့တော်သို့ ချီတက်သိမ်းပိုက်ပြီး စစ်ဗိုလ်ချုပ်များကို ဖြုတ်ချရန် အစီအစဥ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ကာ နောက်ကြောင်းပြန်လှည့်သွားပြီး ဝါဂနာခေါင်းဆောင် ပရီဂိုရှင်က အိမ်နီးချင်း ဘီလာရုစ်နိုင်ငံသို့ ဇွန်လ (၂၄) ရက်နေ့တွင် ထွက်ခွာသွားခဲ့သည်။

ဘီလာရုစ်သမ္မတ လူကာရှင်ကို၏ ကြားဝင်ညှိနှိုင်းမှု အရ ဝါဂနာတပ်ဖွဲ့က နောက်ကြောင်းပြန်လှည့်ပြီး ဘီလာရုစ်သို့ ထွက်ခွာရန် သဘောတူညီချက် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ 

ဝါဂနာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုရှင်ကို စွဲချက်တင်ထားမှုများကို ရုပ်သိမ်းသွားမည်ဟု ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ဝါဂနာ တိုက်ခိုက်ရေးသမားများလည်း ပုန်ကုန်မှုတွင် ပါဝင်ခဲ့မှုအတွက် ဥပဒေအရ အရေးယူခံရမည် မဟုတ်ကြောင်းနှင့် ထိုအစား ရုရှားကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် အမှုထမ်းရမည်ဟု ဆိုသည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနအောက်သို့ ဝင်ရောက် အမှုထမ်းရမည့် အစီအစဥ်ကို ယခင်က ဝါဂနာခေါင်းဆောင်ပရီဂိုရှင်က ပယ်ချထားခဲ့သည်။

နောက်ဆုံး အခြေအနေများအရ ရုရှားသမ္မတပူတင်အတွက် ပြည်တွင်းစစ်ပွဲ ဖြစ်လာနိုင်သည့် အလားအလာကို ရှောင်လွှဲနိုင်ခဲ့ပြီဟု ဆိုနိုင်သော်လည်း ဝါဂနာ ကြေးစားတပ်ဖွဲ့နှင့် ဇာတ်လမ်းမှာ အလွယ်တကူ မပြီးဆုံးနိုင်သေးကြောင်း သုံးသပ်မှုများရှိနေသည်။ 

ဝါဂနာ တပ်ဖွဲ့အတွင်းနှင့် ယူကရိန်းစစ်ပွဲတွင် ပရီဂိုရှင်၏ အခန်းကဏ္ဍ ဘာဖြစ်လာမည် နှင့် ၎င်း၏ တိုက်ခိုက်ရေးသမား အားလုံးက ရုရှားစစ်တပ်လက်အောက်တွင် အမှုထမ်းမည်ဟုတ် မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးသည့် မေးခွန်းများစွာ ရှိနေသေးသည်။

ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ဘီလာရုစ်တွင် ပရီဂိုရှင် မည်သည့်နေရာ ရယူမည်ကို မဖြေနိုင်ကြောင်း ဇွန်လ (၂၄) ရက်နေ့က ပြောခဲ့သည်။ 

ဝါဂနာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုရှင် ကိုယ်တိုင်ကလည်း မော်စကိုမြို့တော်သို့ ချီတက်နေမှု ရပ်တန့်ပြီး နောက်ကြောင်းပြန်လှည့်ရန် သဘောတူညီခဲ့မှုနှင့် ပတ်သက်၍ အနည်းငယ်မျှသာ အသေးစိတ်ကိုသာ ထုတ်ဖော်ပြောထားသည်။

ဝါဂနာတပ်ဖွဲ့မှာ လွတ်လပ်သည့် တိုက်ခိုက်ရေး ကြေးစားတပ်ဖွဲ့တစ်ခုဖြစ်ရာ ရုရှားစစ်တပ်ထက် ကွဲပြားခြားနားသော အခြေအနေများ ရှိနေသည်ဟု အမေရိကန်စစ်တပ်မှ အငြိမ်စားဗိုလ်ချုပ် မိုက်ခ်လိုင်ယွန်စ်က ဇွန်လ (၂၄) ရက်နေ့တွင် သုံးသပ်သည်။ 

ဝါဂနာ တိုက်ခိုက်ရေးသမားများက ရုရှားစစ်တပ်ထက် ပို၍ကောင်းမွန်ပြီး ၎င်းတို့အားလုံးကို စစ်တပ်အောက်သို့ ခေါ်ယူရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။

"အချို့က ခွဲထွက်သွားကြနိုင်တယ်။ ဒီလူတွေက လူပုဂ္ဂိုလ်ကို သစ္စာခံတာ။ ပရီဂိုရှင်ကိုပေါ့။ နိုင်ငံကို မဟုတ်ဘူး။ မစ်ရှင်ကို မဟုတ်ဘူး။ အခုအချိန်မှာ မဖြေရသးတဲ့ နောက်ထပ်မေးခွန်းတွေ အများကြီးရှိနေတယ်လို့ ကျနော် ထင်ပါတယ်" ဟု မိုက်ခ်က ပြောသည်။ 

ဝါဂနာခေါင်းဆောင် ပရီဂိုရှင်အတွက်လည်း အန္တရာယ် မပြီးဆုံးသေးဟု ကျွမ်းကျင်သူများက ဆိုသည်။

"ပူတင်က သစ္စာဖောက်သူတွေကို ခွင့်မလွှတ်ဘူး။ တကယ်လို့ ပူတင်က ပရီဂိုရှင်ကို ဘီလာရုစ်ကိုသွားပါလို့ ပြောခဲ့ရင်တောင် သူက သစ္စာဖောက်တစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး ပူတင်က ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ကျမ ထင်တယ်"ဟု CNN သတင်းဌာန၏ ရုရှားဌာနခွဲ အကြီးအကဲဟောင်းနှင့် ရုရှားရေးရာ ကျွမ်းကျင်သူ Jill Dougherty က ပြောသည်။

"ဘီလာရုစ်တွင် ပရီဂိုရှင် အသတ်ခံရတာကို ကျမတို့ မြင်လာရနိုင်တယ်။ ဒါပေမဲ့ ဒါက ရုရှားအတွက် ခက်ခဲတဲ့ အကျပ်အတည်းတစ်ခုပဲ။ ဘာကြောင့်လဲဆိုတော့ ပရီဂိုရှင်က အားပေးထောက်ခံမှု ရရှိနေသမျှ သူ ဘယ်မှာရောက်နေနေ ရုရှားအတွက်သူက ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်" ဟု သူမက သုံးသပ်သည်။ 

"Rostov မြို့ကနေ ဝါဂနာ ကြေးစားတပ်ဖွဲ့တွေ ပြန်ထွက်သွားတော့ လမ်းပေါ်ထွက် အားပေးခဲ့ကြတဲ့ ဒီလူထုနဲ့ ပတ်သက်ပြီး တကယ်လို့ ကျမသာ ပူတင်ဆိုရင် ကျမ စိုးရိမ်ပူပန်မိမှာပဲ" ဟုလည်း Jill Dougherty က ပြောခဲ့သည်။



ဝါဂနာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုရှင်ဆိုတာ ဘယ်သူလဲ.. 

 

Source: CNN