စစ်ကောင်စီခန့် ဒဂုံဆိပ်ကမ်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သေနတ်ဖြင့်(၁၂)ချက် ပစ်ခတ်ခံရ

စစ်ကောင်စီခန့် ဒဂုံဆိပ်ကမ်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သေနတ်ဖြင့်(၁၂)ချက် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် YMBA ဥက္ကဌ ဦးလှကြည်ဆိုသူသည် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းက ပစ်ခတ်ခံရကြောင်း သိရသည်။

၎င်းမှာ ကိုစီ(၁)လမ်းနှင့် စိန်ပန်းလမ်းထောင့်တွင် ည(၇)နာရီ ဝန်းကျင်တွင် သေနတ်ဖြင့်(၁၂)ချက် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက Tachileik News Agencyကိုပြောသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဖြစ်သူ ဦးလှကြည်သည် ကားဖြင့် နေအိမ်သို့ပြန်လာစဥ် ပစ်ခတ်ခံရကာ ယာရင်ဘတ်ကျည်ထိဒဏ်ရာနှစ်ချက်၊ ယာနံဘေးထိမှန်တစ်ချက်၊ ဝဲရင်ဘတ် ထိမှန်ဒဏ်ရာတစ်ချက်တို့ဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရကာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်နေ့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်မှူးဟောင်း ရဲခိုင်ဆိုသူ  ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သိရသည်။ 

ထို့အပြင် ပြီးခဲ့သည့် လပိုင်း၊ ရက်ပိုင်းများကလည်း စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်၊ အမျိုးသားရေးအစွန်းရောက်များဖြစ်သည့် မင်းတေဇညွန့်တင်၊ လီလီနိုင်ကျော် တို့လည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

#TachileikNewsAgency