ထိုင်းနိုင်ငံတွင် ဒုဝန်ကြီးချုပ် ပရာဝစ်၏ တန်ဖိုးကြီး လက်ပတ်နာရီများကိစ္စ စစ်ဆေးမှု အသေးစိတ်ကို ထုတ်ဖော်ရန် တရားရုံးချုပ်က ညွှန်ကြား

ထိုင်းနိုင်ငံတွင် ဒုဝန်ကြီးချုပ် ပရာဝစ်၏ တန်ဖိုးကြီး လက်ပတ်နာရီများကိစ္စ စစ်ဆေးမှု အသေးစိတ်ကို ထုတ်ဖော်ရန် တရားရုံးချုပ်က ညွှန်ကြား
By Mr John

 ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ်၏ အငြင်းပွားဖွယ် တန်ဖိုးကြီး လက်ပတ်နာရီနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးတွေ့ရှိမှု အသေးစိတ် အားလုံးကို ထုတ်ဖော်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် National Anti-Corruption Commission (NACC) ကို တရားရုံးချုပ်က ညွှန်ကြားလိုက်သည်။ 

တရားရုံးချုပ်၏ အတည်ပြုအမိန့်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် ၎င်း၏ စုံစမ်းစစ်ဆေးတွေ့ရှိမှု အသေးစိတ်ကို ထိုင်းဘာသာဖြင့် ရေးသားဖော်ပြနေသည့် The Matter အွန်လိုင်းသတင်းဌာန၏ အကြီးတန်း အယ်ဒီတာ Pongpipat Banchanont ထံသို့ (၁၅) ရက်အတွင်း လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည်။ 

ထိုသတင်းဌာနက ဒုတိယဝန်ကြီးချုပ် ပရာဝစ်၏ အငြင်းပွားဖွယ် တန်ဖိုးကြီးနာရီနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးတွေ့ရှိမှုများကို သိရှိနိုင်ရန် တောင်းဆိုထားသည်။

သတင်းအချက်အလက် မထုတ်ဖော်ခြင်းက ဥပဒေအရ လိုအပ်သည့် တာဝန်များကို ဆောင်ရွက်ရာတွင် ပေါ့ဆသည့် သဘောသက်ရောက်မည်ဟု တရားရုံးချုပ်က ပြောသည်။ 

 Bangkok Post

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဝစ်မှာ တန်ဖိုးကြီး လက်ပတ်နာရီနှင့် လက်စွပ် အများအပြား စုဆောင်းထားမှုနှင့် ပတ်သက်၍ ၎င်း၏ပိုင်ဆိုင်မှုများကို လိမ်လည်ကြေညာခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းတို့ဖြင့် စွပ်စွဲခံထားရသည်။

အွန်လိုင်းစုံစမ်းထောက်လှမ်းမှုများက အခမ်းအနားများသို့ တက်ရောက်ခဲ့သည့် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဝစ်၏ ဓာတ်ပုံများကို စတင်လေ့လာခဲ့ပြီးနောက် တန်ဖိုးကြီး လက်ပတ်နာရီနှင့် လက်စွပ်များကိစ္စ လူပြောများလာခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဝစ်ကို အဂတိလိုက်စားမှုမရှိကြောင်း ဆုံးဖြတ်လိုက်ရာ The Matter အွန်လိုင်းသတင်းဌာနက စုံစမ်းစစ်ဆေး တွေ့ရှိမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထံမှ တောင်းဆိုခဲ့သည်။ 

ထိုစဥ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် ထောက်ခံမဲ (၅)မဲ၊ ကန့်ကွက်မဲ (၃) မဲဖြင့် မဲခွဲဆုံးဖြတ်ပြီး The Matter ၏ တောင်းဆိုမှုကို ပယ်ချခဲ့သည်။ 

ထို့နောက် သတင်းဌာနက အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗဟိုတရားရုံးသို့ လျှောက်ထားခဲ့ရာမှ ယခု ၂၀၂၃ခုနှစ်၏ ဇွန်လ ဒုတိယပတ်အတွင်း၌  ဒုဝန်ကြီးချုပ် ပရာဝစ်၏ လက်ပတ်နာရီများကိစ္စ စစ်ဆေးမှု အသေးစိတ်ကို ထုတ်ဖော်ရန် တရားရုံးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

တန်ဖိုးကြီး နာရီများနှင့် ပတ်သက်ပြီး ဒုဝန်ကြီးချုပ် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဝစ်က  ကွယ်လွန်သူ ၎င်း၏ မိတ်ဆွေတစ်ဦးထံမှ ငှားရမ်းထားခဲ့ခြင်းဖြစ်သည်ဟု ဆိုထားကြောင်း သိရသည်။

 

 

Source: Bangkok Post