သီရိလင်္ကာတွင် လူနာတစ်ဦးထံက ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်ကို အောင်မြင်စွာ ဖယ်ရှား

သီရိလင်္ကာတွင် လူနာတစ်ဦးထံက ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်ကို အောင်မြင်စွာ ဖယ်ရှား
By Mr John

သီရိလင်္ကာနိုင်ငံတွင် လူနာတစ်ဦးထံမှ ကမ္ဘာ့အကြီးမားဆုံး ကျောက်ကပ် ကျောက်ကို ဆရာဝန်များက ဖယ်ရှားပေးလိုက်ပြီး ထိုကျောက်၏ အရွယ်အစားမှာ ဂရိတ်ဖရုသီး (grapefruit) တစ်လုံးအရွယ်ခန့်ဖြစ်ကြောင်း သိရသည်။

အရွယ်အစားအနေဖြင့် (၅.၂၆) လက်မ ရှည်လျားပြီး အလေးချိန် (၁.၇၆) ပေါင်ရှိသည့် ကျောက်ကပ်ကျောက်ကို သီရိလင်္ကာစစ်ဘက်ဆရာဝန်များက ၂၀၂၃ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် လူနာ၏ကျောက်ကပ်မှ ဖယ်ရှားပေးခဲ့ခြင်းဖြစ်ပြီး ယခင် ကမ္ဘာ့စံချိန်တင် ကျောက်ကပ်ကျောက် (၂) လုံးထက် အရွယ်အစားပိုကြီးကာ ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်အဖြစ် စံချိန်သစ်တင်ခဲ့သည်။

ယခင် ကမ္ဘာ့အကြီးဆုံး စံချိန်တင်ထားသည့် ကျောက်ကပ်ကျောက် (၂) လုံးမှာ ၂၀၀၄ ခုနှစ်က အိန္ဒိယနိုင်ငံတွင် အရှည် (၅.၁) လက်မရှိ ကျောက်ကပ်ကျောက်နှင့် ၂၀၀၈ ခုနှ်က ပါကစ္စတန်နိုင်ငံတွင် ဖယ်ရှားပေးခဲ့သည့် အလေးချိန် (၁.၃) ပေါင်ရှိ ကျောက်ကပ်ကျောက်တို့ ဖြစ်ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း Guinness World Records အချက်အလက်များအရ သိရှိရသည်။

ထိုစံချိန်တင်ထားမှု (၂) ခုလုံးကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုစစ်ဆေးရုံ Colombo Army Hospital တွင် ဖယ်ရှားပေးခဲ့သည့် ကျောက်ကပ်ကျောက်က ချိုးဖျက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း ဂင်းနစ်အဖွဲ့က အတည်ပြုလိုက်သည်။

 ကျောက်ကပ်ကျောက်များ မျိုးရိုးဗီဇနှင့် ရေဓာတ်ဆုံးရှုံးခြင်း (ရေသောက်နည်းခြင်း)၊ ကျောက်တည်မှုကို အားပေးသည့် အချို့အစားအစာများ အပါအဝင် အခြား အကြောင်းရင်းများကြောင့် ဆီးအတွင်းပါသော ပစ္စည်းများ ကျောက်ကပ်၊ ဆီးပို့ပြွန် သို့မဟုတ် ဆီးအိမ်တွင် အနည်ကျခြင်းကြောင့် ဖြစ်သည်။

ကျောက်ကပ်ကျောက်တည်မှု အမျိုးအစား အများစုကို နေ့စဥ် ရေလုံလောက်စွာ သောက်ခြင်းနှင့် ဆိုဒီယမ်ဓာတ် (ဆား) စားသုံးမှု လျှေ့ာချခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

 Mayo Clinic ၏ အဆိုအရ တစ်နေ့လျှင် ရေပမာဏ (၁.၈၉ လီတာမှ ၂.၈ လီတာ) သောက်ခြင်းက သေးငယ်သည့် ကျောက်ကပ်ကျောက်များကို ဆီးသွားခြင်းမှတစ်ဆင့် ဖယ်ရှားပေးနိုင်ကြောင်း သိရသည်။

 

Source: CNN