ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒပြ တောင်းဆို

 ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒပြ တောင်းဆို
By Mr John

 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ထောင်နှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များက ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ၂၀၂၃ခုနှစ် ဇွန်လ (၈) ရက်နေ့၌ ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

 မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်မ်များမှာ ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးဟုဆိုကာ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ရပြီး အခြေအနေ ဆိုးရွားသည့် ဒုက္ခသည်စခန်းများတွင် ထိုစဥ်ကတည်းက နေထိုင်နေခဲ့ကြရသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ (၁) သန်းကျော် ပြည့်ကျပ်စွာဖြင့် နေထိုင်နေကြရပြီး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်သည့် နေရာလည်း ဖြစ်သည်။

 ထိုဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာအများစုမှာ ၂၀၁၇ ခုနှစ်တွင် စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာခဲ့ကြရသူများဖြစ်ပြီး အချို့မှာမူ ထိုထက်ပိုစော၍ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများဖြစ်ကြောင်း သိရသည်။

ဇွန်လ (၈) ရက်နေ့ ၏ ဆန္ဒပြမှုအတွင်း ရိုဟင်ဂျာဒုက္ခသည်များက ပိုစတာများ ကိုင်ဆောင်ဝှေ့ယမ်းပြီး ကြွေကြော်သံများ သံပြိုင်ကြွေးကြော်ခဲ့ကြသည်။ 

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ရာဇဝတ်မှုများ မြင့်တက်နေခြင်း၊ နေထိုင်ရသည့် အခြေအနေ ဆိုးရွားနေခြင်းနှင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် မျှော်လင့်ချက် မှေးမှိန်နေရာ ရိုဟင်ဂျာဒုက္ခသည် အများအပြားက မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများသို့ စက်လှေများဖြင့် ၎င်းတို့၏ အသက်ကိုရင်း၍ စွန့်စားထွက်ခွာနေကြသည်။

ကုလသမဂ္ဂ အချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ စက်လှေဖြင့် ထွက်ခွာလာခဲ့သည့် ရိုဟင်ဂျာ (၃၄၈) ဦး ပင်လယ်ပြင်တွင် သေဆုံးခဲ့ကြကြောင်းလည်း သိရသည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် စစ်အုပ်စုက လက်ရှိအချိန်အထိ ရိုဟင်ဂျာများကို ပြန်လည်ခေါ်ယူရန် ဆန္ဒအနည်းငယ်သာရှိကြောင်း ပြသခဲ့သည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ရိုဟင်ဂျာများကို မြန်မာဘက်သို့ ပြန်ပို့ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ရိုဟင်ဂျာများက တရားစွဲခံရမည်ကို စိုးရိမ်ပူပန်နေပြီး ပြန်သွားရန် ငြင်းဆန်ခဲ့ကြသည်။ 

ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိတစ်ဦးကမူ ရှေ့ပြေးအစီအစဥ်အရ ရိုဟင်ဂျာဒုက္ခသည် (၁,၁၀၀) ခန့်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မျှော်မှန်းထားကြောင်း ပြောခဲ့သော်လည်း ရက်အတိအကျ ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။

 

Source: Reuters