ခမရ(၅၃၀)မှ တပ်သား(၃)ဦး ထွက်ပြေးလာ၍ ဖယ်ခုံ PDF က မေးမြန်း စစ်ဆေးနေ

ခမရ(၅၃၀)မှ တပ်သား(၃)ဦး ထွက်ပြေးလာ၍ ဖယ်ခုံ PDF က မေးမြန်း စစ်ဆေးနေ
ဇွန် 3, 2023 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေဆန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ဒကစ(လွိုင်ကော်) လက်အောက်ခံ ခမရ (၅၃၀) မှ လက်နက်မဲ့ ထွက်ပြေးလာသော တပ်သား (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ယနေ့ ဇွန်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့၊ နံနက်ပိုင်းက စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) လက်အောက်ခံ၊ လွိုင်လင်လေးအခြေစိုက် အမှတ်(၅၃၀) ခြေမြန်တပ်ရင်းမှ လက်နက်မပါဘဲ ထွက်ပြေးလာသော တပ်သား (၃) ဦးကို ဖယ်ခုံအခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းမှ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည်များကို မေးမြန်းစစ်ဆေးနေသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်တပ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ကရင်နီ (ကယား) ပြည်နယ်တို့အား လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အလွန်အကျွံသုံးစွဲပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ 

ရှေ့တန်းစစ်မျက်နှာများတွင် ထိခိုက်ကျဆုံးမှုများခြင်း၊ အနား မရခြင်း၊ နောက်တန်းဌာနချုပ်များတွင်ပါ လုံခြုံမှုမရှိခြင်း အစရှိသည်တို့ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တပ်ကိုစွန့်ခွာထွက်ပြေးမှုများလည်း နေ့စဉ်များပြားနေသည်။