မိုခါ မုန်တိုင်းကြောင့် နေအိမ်ပျက်စီးသွားသည့် မိသားစုဝင်များကို PSLF/TNLA က ထောက်ပံ့ ကူညီ

မိုခါ မုန်တိုင်းကြောင့် နေအိမ်ပျက်စီးသွားသည့် မိသားစုဝင်များကို PSLF/TNLA က ထောက်ပံ့ ကူညီ

 မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တအာင်းဒေသအတွင်း  နေအိမ်ပျက်စီးသွားသည့် မိသားစုဝင်​များကို နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန် အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အုပ်ချုပ်ရေးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပြိုကျပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည်ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။ 

၂၀၂၃ခုနှစ် မေလ (၁၄)ရက်နှင့် (၁၅)ရက်နေ့များက တိုက်ခတ်သွားသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တအာင်းဒေသအတွင်းရှိ ကျေးရွာ (၂၂)ရွာမှ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အပါအဝင် အဆောက်အအုံ (၁၀၀)ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

PSLF/TNLA အုပ်ချုပ်ရေးဌာနမှ နမ့်ဆန်မြို့နယ်၊ ပန်အုလုကျေးရွာရှိ နေအိမ် (၃)လုံးအတွက် အလှူငွေ (၁၀)သိန်း၊ ဇယန်းမိုင်မိုင်ကျေးရွာက နေအိမ် (၁၂)လုံးအတွက် အလှူငွေ(၂၆)သိန်းကျော်နှင့် မန်တုံမြို့နယ်၊ မိုလုံ(မိုးလိုင်)ကျေးရွာက နေအိမ်(၃)လုံးအတွက် အလှူငွေ (၁၇) သိန်းကို  မေလ (၂၆)ရက်နေ့က  သွားရောက်ကူညီပေးခဲ့သည်ဟုသိရသည်။

ထို့အပြင် မိုင်းငေါ့မြို့နယ်၊ ပန်နင်းကျေးရွာကို အလှူငွေ ကျပ်သိန်း(၁၂၀)သွားရောက်ထောက်ပံ့ပေးခဲ့ပြီး တအာင်းတပ်မတော်၏ တပ်မဟာ(၅)စစ်ဒေသ မုံးဟွမ်မြို့နယ်၊ နောင်ဟွယ်ကျေးရွာမှ ပျက်စီးသွားသည့် စာသင်ကျောင်းကိုလည်း အသစ်ပြန်လည် ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။



"ကျွန်တော်တို့က ပျက်စီးမှုပေါ်မှာမူတည်ပြီးမှ ဆောင်ရွက်ပေးတာဖြစ်တယ်။ အခုကတော့ သူတို့(နေအိမ်ပျက်စီးသွားတဲ့မိသားစု)ကို အမိုးတွေ အကာတွေ ပြန်ပြီးလုပ်နိုင်အောင် လိုက်ပြီးမှ ကူညီထောက်ပံ့တာဖြစ်တယ်။ စာသင်​ကျောင်း ခပ်များများကတော့ ကျွန်တော်တို့လူတွေ ကိုယ်တိုင်သွားပြီးမှ လုပ်အားနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ကူညီပေးတယ်”ဟု PSLF/TNLA ၏ ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က မေလ(၃၀)ရက်နေ့တွင် ပြောသည်။

 

ထိခိုက်ပျက်စီးသွားသည့် နေအိမ်များထဲမှ (၇၀)ရာခိုင်နှုန်းကို ထောက်ပံငွေပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေမရရှိဘဲ ကျန်ရှိနေသည့် ကျေးရွာများကိုလည်း ဆက်လက် ​ထောက်ပံ့ပေးသွားမည်ဟု သိရသည်။ 

မိုခါမုန်တိုင်းကြောင့် အိုးအိမ်စည်းစိမ်ပျက်စီးသွားသည့် ရခိုင်ပြည်နယ်က ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ရန်အတွက်  မေလ (၁၉)ရက်ကလည်း  PSLF/TNLA က ကျပ်သိန်း (၅၀၀) ပါဝင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA