ပုပ္ပါးတောင်အနီးရှိ တရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်နေအိမ်များကို ရှာဖွေနေ

ပုပ္ပါးတောင်အနီးရှိ တရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်နေအိမ်များကို ရှာဖွေနေ
By Tachileik News Agency

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပုပ္ပါးတောင်အနီးရှိ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ရှာဖွေနေကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ( ၈၈ )လက်အောက်ခံ ပုပ္ပါးအခြေစိုက် ခလရ (၇၈)မှ အစောင့်တပ်သားများကို ‌၂၀၂၃ ခုနှစ်၊ မေလ( ၂၁ ) ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့်  Bagan Nyaung Oo PDF ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂)၊ MG 6 ပြောက်ကြားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြပြီးနောက် မေလ (၂၂)ရက်နှင့် မေလ (၂၃)ရက်နေ့များတွင် လိုက်လံရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

 တစ်အိမ်ဆင်း၊ တစ်အိမ်တက် အိမ်တွေကို လိုက်မေးတယ်။ PDF တွေ လက်ခံ၊ မခံကို ရှောင်တခင် စစ်ဆေးတဲ့ပုံစံမျိုး ဝင်မွှေတာဗျ

ဟု Bagan_Nyang Oo PDF တပ်ဖွဲ့ တာဝန်ခံက Tachileik News Agency ကို မေလ( ၂၄ )ရက်နေ့ ပြောသည်။

တရုတ် ရေနံနှင့် သဘာဝဓာတ်‌ငွေ့ပိုက်လိုင်းအနီး ဘန်ကာများဆောက်လုပ်ပြီး အစောင့်ချထားသည့် နေရာ ( ၃ )ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က အဆိုပါနေရာကို အင်အားတိုးထားကြောင်း သိရသည်။

အလားတူပင် မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်ရှိ တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစက်ရုံစောင့် စစ်ကောင်စီ တပ်ဖွဲ့ကိုလည်း  မေလ ( ၇ )ရက်နေ့ ညပိုင်းတွင် Natogyi Guerrilla Force(NGF)တပ်ဖွဲ့က  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းပြီး ဆန့်ကျင်သူများအား နည်းမျိုးစုံသုံး၍ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်သည့် တော်လှန်ရေးမှုများ နိုင်ငံတဝန်းပေါ်ပေါက်လာခဲ့ပြီး အာဏာသိမ်းအဖွဲ့အား နည်းမျိုးစုံဖြင့် တော်လှန်နေကြခြင်းဖြစ်သည်။