ကျိုက်ထီးရိုးတောင်ခြေရှိ ငှက်ပျောတောရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

ကျိုက်ထီးရိုးတောင်ခြေရှိ ငှက်ပျောတောရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်၊ မေလ(၁၈)ရက်နေ့၏ ညနေ(၄)နာရီကျော်တွင် လက်နက်ကြီးနှင့်ပစ်ခတ်နေကြောင်း သိသည်။

"လက်နက်ကြီးနဲ့ ပစ်နေတယ်ဗျ။ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူး။ လက်နက်ကြီး(၃)လုံးကျတယ်။ မနက်ကဖြစ်တဲ့နေရာနဲ့ အဝေးကြီးဗျ။ အခုလက်နက်ကြီးကျတဲ့နေရာက ကျိုက်ထီးရိုးတောင်ခြေကရွာပါ။ ဒေသခံတွေတိမ်းရှောင် နေရပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။

ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)နယ်မြေသို့ စစ်ကြောင်းထိုးရန် မဲလံဘက်မှဆင်းလာသည့် အင်အား(၁၀၀)ဝန်း ကျင်ပါ စစ်ကောင်စီတပ်နှင့် KNLA ပူး ပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ (၁၂)မိနစ်အခန့်သာ ကြာမြင့်ရာ ပူးပေါင်းအပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် KNLA တပ်မဟာ(၁)နယ်မြေများဖြစ်သည့် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့တို့တွင် အင်အားများ ထပ်မံဖြည့်ထားသဖြင့် အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲများဖြစ်လာနိုင်သည်ဟုလည်း ဒေသကာကွယ်ရေးတပ်က ဆိုသည်။