မိုးကုတ်မြို့နယ်အတွင်း  စစ်ကောင်စီတပ်စွဲထားရာ နေရာ (၄)ခုကို KIA နှင့် PDF တပ်များ တပြိုင်တည်းဝင်တိုက်

မိုးကုတ်မြို့နယ်အတွင်း  စစ်ကောင်စီတပ်စွဲထားရာ နေရာ (၄)ခုကို KIA နှင့် PDF တပ်များ တပြိုင်တည်းဝင်တိုက်

 မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်စွဲထားသော နေရာ(၄)ခုကို KIA နှင့် PDF တပ်များက တစ်ချိန်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ(၁၀)ရက်နေ့ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်း၊ အေးစေတီဘုန်းတော်ကြီးကျောင်း၊ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်းနှင့် ရွှေမြင်၀င်းဘုန်းတော်ကြီးကျောင်း၀င်းများအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး (၃၀)မိနစ်အကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ရဲ (၃)ဦးနှင့် စစ်ကောင်စီတပ်သား (၈) ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရကြောင်း မိုးမိတ်ခရိုင် K-PDF က မေလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသော်လည်း သေဆုံးမှု စာရင်းကို Tachileik News Agency အနေဖြင့် အတည်မပြုနိုင်ပေ။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းမှ ရဲတပ်ဖွဲ့၀င် (၄)ဦး စခန်းမှ ထွက်ပြေးသွားသည်ဟုလည်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲများအတွင်း ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၀င်းရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုကြောင့် အသက်(၉)နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် မိုးကုတ်မြို့အတွင်းရှိ လမ်းမကြီးများနှင့် မိုးကုတ်မြို့သို့ ဆက်သွယ်ထားသော ကားလမ်းမများတွင် သွားလာ လှုပ်ရှားနေသဖြင့် မော်တော်ယာဉ်အသုံးပြုသူများ ကားမှန်များချ၍ မောင်းနှင်ပေးရန်နှင့် ကုန်တင်ကားကြီးများ အသုံးပြုရာတွင် အမိုးအကာများဖွင့်၍ မောင်းနှင်ပေးကြရန် အသိပေး မေတ္တာရပ်ခံထားသည်။