'ဝ'ဒေသတွင် သံဖြူထုတ်လုပ်မှု ရပ်ဆိုင်းထားမည့် သတင်းကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း သံဖြူဈေးနှုန်းများ မြင့်တက်

'ဝ'ဒေသတွင် သံဖြူထုတ်လုပ်မှု ရပ်ဆိုင်းထားမည့် သတင်းကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း သံဖြူဈေးနှုန်းများ မြင့်တက်

 မြန်မာနိုင်ငံ 'ဝ' ဒေသအတွင်း သံဖြူသတ္တုတူးဖော်ရေးလုပ်ငန်းများ အားလုံးကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှစ၍ ရပ်ဆိုင်းထားမည်ဟု 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဧပြီလ (၁၇) ရက်နေ့တွင် ပြောကြားလိုက်ရာ ကမ္ဘာဈေးကွက်အတွင်း သံဖြူဈေးနှုန်းများ (၁၂) ရာခိုင်နှုန်း မြင့်တက်သွားသည်။ 

မြန်မာနိုင်ငံ၏ သံဖြူထုတ်လုပ်ရေး သတ္တုတွင်း လုပ်ငန်းအများစုမှာ 'ဝ' ဒေသတွင်ဖြစ်ကြောင်း နိုင်ငံတကာသံဖြူအဖွဲ့အစည်း International Tin Association ထံမှ သိရသည်။

'ဝ' တပ်ဖွဲ့က သံဖြူထုတ်လုပ်ရေးအားလုံး ရပ်ဆိုင်းထားမည့် သတင်းကြောင့် မြန်မာနှင့်အိမ်နီးချင်း တရုတ်နိုင်ငံတွင် သံဖြူဈေးနှုန်းမှာ (၁၂) ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး (၂) လနီးပါးအတွင်း အမြင့်ဆုံးဖြစ်လာခဲ့သည်။

 တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး သံဖြူသန့်စင်ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း တရုတ်၏ သံဖြူသတ္တုရိုင်း (၇၇) ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"၂၀၂၃ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့မှစ၍ သံဖြူသတ္တုတွင်းများတွင် ရှာဖွေမှု၊ တူးဖော်မှုနှင့် လုပ်ငန်းလုပ်ဆောင်မှုများကို ရပ်ဆိုင်းသွားမည်" ဟု Reuters သတင်းဌာနက ကြည်ရှုခဲ့ရသည့် 'ဝ' ပြည် စီးပွားရေးစီမံကိန်း ဗဟိုကော်မတီက ဧပြီလ (၁၅) ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

သတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းရခြင်းမှာ ကျန်ရှိနေသေးသည့် သတ္တုတွင်း အရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရန်ဖြစ်ပြီး ထိုသို့ ရပ်ဆိုင်းထားစဥ်အတွင်း ကန်ထရိုက်ကာလ မပြီးဆုံးသေးသည့် ကုမ္ပဏီများအနေဖြင့် နောက်ထပ် (၃) လကြာ သတ္တုရှာဖွေရေးလုပ်ငန်း ဆက်လက် လုပ်ကိုင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UWSA ၏ ပြင်ပဆက်ဆံရေးဌာနမှ အရာရှိတစ်ဦးဖြစ်သူ ဦးညီရန်း က အဆိုပါထုတ်ပြန်ချက် စာရွက်စာတမ်းမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ 

'ဝ' တပ်ဖွဲ့က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်၏ နယ်မြေများ အထူးသဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသများကို ထိန်းချုပ်ထားပြီး ထိုင်းနိုင်ငံနှင့်နယ်စပ်အနီး ဒေသများမှာလည်း 'ဝ' တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။

'ဝ' တပ်ဖွဲ့က သံဖြူသတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားမည့်သတင်း ထွက်ပေါ်လာပြီးနောက် ရှန်ဟိုင်းဈေးကွက် Shanghai Futures Exchange တွင် သံဖြူဈေးနှုန်းမှာ (၁၂) ရာခိုင်နှုန်း မြင့်တက်သွားပြီး (၁) တန်လျှင် ယွမ် (၂၁၈,၇၀၀) (အမေရိကန်ဒေါ်လာ ၃၁,၈၂၅.၂၆) ဖြစ်လာခဲ့ရာ ၂၀၂၃ ခုနှစ် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ပြီး အရောင်းအဝယ်သများများအတွက် ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း နေ့အလိုက် အကြီးမားဆုံး အမြတ်အစွန်းဖြစ်ကြောင်း သိရသည်။

ထို့အတူ လန်ဒန်ဈေးကွက် London Metal Exchange တွင်လည်း သံဖြူဈေးနှုန်းမှာ (၃) လအတွင်း အမြင့်ဆုံးအဖြစ် (၁၁.၅) ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီး (၁) တန်လျှင် (၂၇,၇၀၅) ဒေါ်လာ ဖြစ်လာခဲ့ရာ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁) ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းလည်း ဖြစ်သည်။ 

ကမ္ဘာ့အကြီးဆုံး သံဖြူသတ္တုသန့်စင်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် တရုတ်အခြေစိုက် Yunnan Tin Co. Ltd. ၏ ရှယ်ယာဈေးနှုန်းများမှာ ၂၀၂၂ ခုနှစ်တွင် (၁၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်ခုလျှင် (၁၆.၈၅) ယွမ် ဖြစ်ခဲ့ရာ (၉) လအတွင်း အမြင့်ဆုံးဟု ဆိုသည်။

 

Source: Reuters