သထုံမြို့နယ်အတွင်းရှိ ရဲစခန်း နှင့် ခမရ(၉)တပ်ရင်းတို့ကို တစ်ပြိုင်နက်တည်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်

သထုံမြို့နယ်အတွင်းရှိ ရဲစခန်း နှင့် ခမရ(၉)တပ်ရင်းတို့ကို တစ်ပြိုင်နက်တည်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်

 

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ "သိမ်ဆိပ်နယ်မြေရဲစခန်း" နှင့် ဝင်းပအခြေစိုက် "ခမရ(၉)တပ်ရင်း" တို့အား သထုံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ(သထုံပကဖ) ၊ KNLAတပ်ခွဲ(၃)နှင့် HRS ပူးပေါင်းတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ်  ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ "နှစ်ဦးသွေးကြွေးဆပ်အလှူ" အဖြစ် နံနက် (၁၀)နာရီခွဲခါနီးအချိန်က တစ်ပြိုင်နက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သုဝဏ္ဏဝတီမြို့တွင်းရှိ သိမ်ဆိပ်နယ်မြေရဲစခန်းအား 40mm၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ခမရ(၉)တပ်ရင်းအား 60mm ဗုံးသီးများဖြင့် တစ်ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းမှူးနေအိမ်၊ ရဲစခန်းဝန်း၊ တပ်ရင်းမှူးနေအိမ်၊ လိုင်းခန်း၊ဗဟိုကင်း အဆောက်အအုံများနှင့် လက်နက်ကြီးပစ်ကွင်းများသို့ ဗုံးသီးများ ထိမှန်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ရဲစခန်းပစ်ခတ်မှုအတွင်း ရန်သူဘက်မှ စခန်းမှူး အပါအဝင် (၇)ဦး ပြင်းထန်စွာ ထိမှန်ဒဏ်ရာရရှိခဲ့ကာ (၃)ဦး သေဆုံးသွားကြောင်း ကနဦးမျက်မြင် အတည်ပြုချက်နှင့် သတင်းပေးပို့မှုများအရ သိရှိရသည်ဟု သတင်းထုတ်ပြန်ထားသည်။

စခန်းမှူးမှာ ပုခုံးထိမှန်ကာပြင်းထန်စွာ ဒဏ်ရာရရှိသွား‌ပြီး မော်လမြိုင်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားကြောင်းနှင့် သေဆုံးသူ (၃)ဦးအား သထုံဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုမှာ (၃)မိနစ်မှ (၅)မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက် မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။