အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရာဇဝတ်ပြစ်မှု (၃၄) ခုဖြင့် စွဲချက်တင်

နယူးယော့တရားရုံးရောက် သမ္မတဟောင်း ဒေါ်နယ်ထရမ့် Photo: John Meroney' FB
နယူးယော့တရားရုံးရောက် သမ္မတဟောင်း ဒေါ်နယ်ထရမ့် Photo: John Meroney' FB
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရာဇဝတ်ပြစ်မှု (၃၄) ခုဖြင့် စွဲချက်တင်
By Mr John

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရာဇဝတ်ပြစ်မှု (၃၄) ခုဖြင့် ဒေသစံတော်ချိန် ဧပြီလ (၄) ရက်နေ့တွင် စွဲချက်တင်လိုက်ကြောင်း သိရသည်။ 

ထရမ့်ကို စီးပွားရေးလုပ်ငန်းမှတ်တမ်းများ မမှန်မကန်ဖော်ပြမှု၊ ၎င်းနှင့်လိင်ဆက်ဆံမှုရှိခဲ့သော အမျိုးသမီး (၂) ဦးကို နှုတ်ပိတ်ခငွေပေးခဲ့ပြီး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လူသိရှင်ကြားမဖြစ်စေရန် စီစဥ်လုပ်ဆောင်ခဲ့မှုတို့ဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်မှာ အမေရိကန်သမိုင်းတစ်လျှောက် ရာဇဝတ်ပြစ်မှုဖြင့် စွဲချက်တင်ခံရသည့် ပထမဆုံး သမ္မတဟောင်းလည်း ဖြစ်လာသည်။ 

နယူးယော့ခ်မြို့ မင်ဟက်တန်တရားရုံးမှ အစိုးရရှေ့နေများက ထရမ့်ကို ၂၀၁၆ ခုနှစ်က ၎င်းအနိုင်ရခဲ့သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့သည်။ 

လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် ပြင်ဆင်နေသည့် အသက် (၇၆) နှစ်အရွယ် ထရမ့်ကမူ စွဲချက်များအတွက် အပြစ်မရှိကြောင်း တရားရုံးတွင် လျှောက်လဲခဲ့သည်။

"တရားပြိုင် ဒေါ်နယ်ထရမ့်က ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဂုဏ်သိက္ခာကျစေရန် ပူးပေါင်းကြံစည်းမှုအား ဖုံးကွယ်ရန်အတွက် နယူးယော့ခ် စီးပွားရေးလုပ်ငန်းမှတ်တမ်းများကို မမှန်မကန်ဖော်ပြခဲ့ပြီး အခြား ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခဲ့တယ်" ဟု အစိုးရရှေ့နေ Chris Conroy က တရားရုံးတွင် ပြောခဲ့သည်။ 

နယူးယော့ခ်တွင် စီးပွားရေးလုပ်ငန်းမှတ်တမ်းများကို မမှန်မကန်ဖော်ပြမှုအတွက် တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်နိုင်သော်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုကဲ့သို့ အခြား ကြီးလေးသော ပြစ်မှုများကိုမူ (၄) နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

သမ္မတဟောင်းထရမ့်က ၎င်းနှင့်လိင်ဆက်ဆံခဲ့မှုရှိခဲ့ပြီး နှုတ်ပိတ်ခငွေပေးခဲ့သည့်အမှုမှ အမျိုးသမီး (၂) ဦးမှာ အပြာရုပ်ရှင်သရုပ်ဆောင် အမျိုးသမီး စ‌‌တော်မီ ဒန်နီရယ်စ်နှင့် Playboy မော်ဒယ်ဟောင်း ကာရင်မက္ကဒေါ့ဂဲလ်တို့ ဖြစ်သည်။ 

နယူးယော့ခ်တွင် ၎င်းကို တရားစွဲဆိုခြင်းမှာ ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုတစ်ခုအဖြစ် ထရမ့်က ပြောဆိုခဲ့သည်။

"အမေရိကမှာ ဒါမျိုးဖြစ်လာမယ်လို့ ကျုပ် ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ကျုပ် ကျူးလွန်ခဲ့တဲ့ တစ်ခုတည်းသောပြစ်မှုက ကျုပ်တို့နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းနေသူတွေကို အကြောက်အလန့်မရှိ ခုခံကာကွယ်နေတာပဲ ဖြစ်တယ်" ဟု သမ္မတဟောင်းထရမ့်က ရာဇဝတ်ပြစ်မှုဖြင့် စွဲချက်တင်ခံရမှုအပေါ် တုံ့ပြန်ခဲ့သည်။ 

"သူတို့က ကျုပ်တို့ကို မဲပုံးမှာ အနိုင်မယူနိုင်ဘူးဆိုတော့ ဥပဒေကနေ ကျုပ်တို့ကို အနိုင်ယူဖို့ သူတို့ ကြိုးစားတာပေါ့ဗျာ" ဟုလည်း ထရမ့်က ပြောဆိုခဲ့သည်