တာချီလိတ်၏ လေထုအရည်အသွေး ခရမ်းရောင်အဆင့်ရောက်နေပြီး အဆိုးဆုံးဖြစ်နေ

တာချီလိတ်၏ လေထုအရည်အသွေး ခရမ်းရောင်အဆင့်ရောက်နေပြီး အဆိုးဆုံးဖြစ်နေ
မတ် 24, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တလျှောက် တောမီးလောင်မှုများကြောင့် တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် မီးခိုးဖုံးလွှမ်းမှုများဖြစ်ပေါ်နေရာ ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် တာချီလိတ်၏ လေထုအရည်အသွေး PM10 သည် ခရမ်းရောင်အဆင့် ဖြစ်နေကြောင်း တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။



တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ Haz-Scanner EPAS စက်ဖြင့် (၂၄)နာရီအတွင်း တိုင်းတာချက်အရ ယနေ့ မတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီအထိတွင်  လေထုအရည်အသွေး PM10 သည် ခရမ်းရောင်အဆင့်သို့ ရောက်ရှိနေသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်းခရိုင်အတွင်း ဖူချီဖတောင် အပါအဝင် နယ်စပ်အနီးတလျှောက်တွင် တောမီးလောင်မှုများမှာ မတ်လ(၂၃)ရက်နေ့က သိသိသာသာ ဖြစ်ပွားခဲ့ရာမှ မတ်လ(၂၃)ရက်နေ့ ညပိုင်းကစပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်းတို့တွင် မီးခိုးဖုံးလွှမ်းမှုများ သိသိသာသာဖြစ်ပေါ်ခဲ့ပြီး အချို့နေရာများတွင် မီးလောင်ကျွမ်းသည့် အစအနများပါ လွှင့်လာသည်ဟုလည်း သိရသည်။

"ညက သိသိသာသာပဲ မျက်လုံးလည်း စပ်သလို၊ လည်ချောင်းတောင် ယားတယ်။ အသက်ရှုလည်းကြပ်တယ်။ အခု မနက်တော့ ပိုဆိုးပဲ။ မီးလောင်ကျွမ်းထားတဲ့ အစအနလေးတွေ အရင်နှစ်ကလိုပဲ အိမ်ဝိုင်းထဲ လွှင့်လာတာတွေလည်းရှိတယ်။ မီးခိုးတွေ ဒီနေ့ ပိုများတယ်"ဟု တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင်းနေသူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

မီးခိုးများဖုံးလွှမ်းလာနေပြီး လေထုညစ်ညမ်းမှုများကြောင့်  "ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်" တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်း အသိပေးထားရှိသည်။

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မီးခိုးဖုံးလွှမ်းမှုများကြောင့် ပြည်သူများအတွက် လေထုညစ်ညမ်းမှုလျော့ကျရေး မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဌာနှင့် မီးသတ်တပ်ဖွဲ့တို့က ရေမှုန်ရေမွှားပက်ဖျန်းမှုများ လုပ်ဆောင်နေကြသည်။

#TachileikNewAgency