ရုရှားက စစ်မြေပြင်နှင့်‌ဝေးကွာသည့် ယူကရိန်းနိုင်ငံတဝန်းရှိ နေရာများကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး

ရုရှားက စစ်မြေပြင်နှင့်‌ဝေးကွာသည့် ယူကရိန်းနိုင်ငံတဝန်းရှိ နေရာများကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး
By Mr John

 

ရုရှားက ယူကရိန်းတဝန်းသို့  ဒေသစံတော်ချိန် မတ်လ (၉) ရက်နေ့ နံနက်မိုးမလင်းမီ လူအများ အိပ်ပျော်နေချိန်  ဒုံးကျည်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား အနည်းဆုံး (၆) ဦးသေဆုံးခဲ့ပြီး ဥရောပ၏ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရုရှားဒုံးကျည်များက ယူကရိန်းမြောက်ပိုင်း Kharkiv မြို့မှ တောင်ပိုင်းရှိ Odesa မြို့နှင့် အနောက်ပိုင်းရှိ Zhytomyr မြို့များအထိ ထိမှန်ခဲ့သည်။ 

Kharkiv  နှင့် Odesa တွင် အခြေခံအဆောက်အအုံများ အပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး နေရာအများအပြား၌ ဓာတ်အားပြတ်တောက်ခဲ့ကြောင်း နှင့် ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်မြို့ကိုလည်း ရုရှားက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရုရှားက ဒုံးကျည် (၈၁) စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလလယ်နောက်ပိုင်း ပထမဆုံးအကြိမ် အကြီးအကျယ် တိုက်ခိုက်မှုဖြစ်ကြောင်း ယူကရိန်းဘက်က ထုတ်ပြန်သည်။ 

နယ်မြေ (၁၀) ခုရှိ အရေးပါသော အခြေခံအဆောက်အအုံနှင့် လူနေအဆောက်အအုံများကို ဒုံးကျည်ထိမှန်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောသည်။

ယူကရိန်းအနောက်ပိုင်း Lviv နယ်မြေတွင် ရုရှားဒုံးကျည်တစ်စင်း လူနေအဆောက်အအုံကို ထိမှန်ခဲ့မှုအတွင်း အရပ်သား အနည်းဆုံး (၅) ဦး သေဆုံးခဲ့ကြောင်း အရေးပေါ်ဌာနက ဆိုသည်။ 

စစ်မြေပြင်နှင့် မိုင် (၄၄၀) ဝေးကွာသည့် ထိုနယ်မြေတွင် နေအိမ်တစ်လုံး ပြိုကျသွားပြီး အနီးအနားရှိ အဆောက်အအုံများ ဆိုးရွားစွာ ထိခိုက်ပျက်စီးနေသည်ကို မှတ်တမ်းဗီဒီယိုတွင် တွေ့ရသည်။

ယူကရိန်းအလယ်ပိုင်း ဒီနီပရိုနယ်မြေတွင်လည်း ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း နောက်ထပ် အရပ်သားတစ်ဦး သေဆုံးခဲ့သည်။ 

ကိဗ်မြို့တော်တွင် မတ်လ (၉) ရက်နေ့၏ နံနက်အစောပိုင်းက ပေါက်ကွဲသံများကြောင့် မြို့ခံများ လန့်နိုးခဲ့ကြရသည်ဟု ဆိုသည်။ 

ယူကရိန်းစစ်တပ်၏ အဆိုအရ ခရုဇ်ဒုံးကျည် (၃၄) စင်းနှင့် အီရန်နိုင်ငံလုပ် Shahed ဒရုန်း (၄) စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ယူကရိန်းမြို့တော် ကိဗ်မြို့တွင် မတ်လ (၈) ရက် ညပိုင်းမှစ၍ (၇) နာရီကြာ လေကြောင်းရန် သတိပေးချက်ထုတ်ပြန်ထားခဲ့ရာ (၅) လအတွင်း အချိန်အရှည်ကြာဆုံး သတိပေးမှုလည်း ဖြစ်ခဲ့သည်။ 

စစ်ပွဲ၏ ရှေ့တန်းစစ်မျက်နှာနှင့် ဝေးကွာသောနေရာရှိ ယူကရိန်း၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းမှာ ယူကရိန်း၏ တိုက်ခိုက်နိုင်စွမ်းကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရုရှားက ဆိုသည်။

ယူကရိန်းဘက်ကမူ ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများမှာ စစ်ရေးရည်ရွယ်ချက်မရှိဘဲ အရပ်သားများကို ထိခိုက်စေရန် ရည်ရွယ်ခြင်းဖြစ်ရာ စစ်ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

မတ်လ (၉) ရက်နေ့ တိုက်ခိုက်မှုအတွင်း ရုရှားက အသံထက်မြန်သော kinzhal ဒုံးကျည် (၆) စင်းဖြင့်လည်း တိုက်ခိုက်ခဲ့ပြီး ထိုဒုံးကျည်အမျိုးအစားကို ယခုအရေအတွက်ဖြင့် တိုက်ခိုက်မှုမျိုး ယခင်က မကြုံခဲ့ဖူးဟုဆိုသည်။ 

အသံထက်မြန်သော ဒုံးကျည်ဖြစ်၍ ယူကရိန်းဘက်က ပစ်ချနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

Soruce: Reuters

Photo: REUTERS/Gleb Garanich,