သမီးဖြစ်သူကို ဆေးခန်းပြရန် ဆိုင်ကယ်ဖြင့် ခေါ်လာသည့် အမျိုးသားတစ်ဦး ကားနှင့်တိုက်မိပြီး ပွဲချင်းပြီး သေဆုံး

သမီးဖြစ်သူကို ဆေးခန်းပြရန် ဆိုင်ကယ်ဖြင့် ခေါ်လာသည့် အမျိုးသားတစ်ဦး ကားနှင့်တိုက်မိပြီး ပွဲချင်းပြီး သေဆုံး
By Mr John

 ကလေးငယ်ကို ဆေးခန်းပြရန်အတွက် နေအိမ်ကနေ ဆိုင်ကယ်ဖြင့် ထွက်လာသည့် အမျိုးသားတစ်ဦး ဆိုင်ကယ်နှင့်ကားတိုက်မိကာ သေဆုံးသွားမှု မူဆယ်မြို့နယ်အတွင်း မော်တောင်းလုံကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည်။



ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကနေ အသက်(၁)နှစ်ကျော်ရှိ သမီးငယ်အား မူဆယ်မြို့တွင် ဆေးခန်းပြရန် ဆိုင်ကယ်ဖြင့် ခေါ်လာသည့် အသက်(၄၆)နှစ်ဝန်းကျင်ရှိ အမျိုးသားသည် ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့၏ နံနက်ပိုင်းက ကားနှင့်ဆိုင်ကယ်တိုက်မိကာ သေဆုံးသွားခြင်းဖြစ်သည်။

ကားနှင့်ဆိုင်ကယ် တိုက်မိရာမှ အဆိုပါ အမျိုးသားသည် ဦးခေါင်းပွင့်ထွက်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ကလေးငယ်မှာ ဦးခေါင်းဒဏ်ရာ ရရှိသွားကြောင်း သိရသည်။



“သူက ကားကိုကျော်ဖို့ လုပ်တော့ အရှေ့ကလာတဲ့ (၁၂)ဘီးကားနဲ့ သွားတိုက်မိတာ။ အဲကားရဲ့ ရှေ့ကသံကိုင်းနဲ့ တိုက်မိပြီးတော့ ဦးခေါင်းပွင့် သေဆုံးသွားတာ။ သူ့သမီးတော့ ခေါင်းမှာ ဒဏ်ရာရသွားတယ်”ဟု ယာဉ်တိုက်မှုတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် မိုင်းယု ၁၀၅ မိုင် မြင့်မြတ်ပါရမီလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူ ဦးအောင်လှိုင်ဝင်းက မတ်လ(၉)ရက်နေ့တွင် ပြောသည်။

သေဆုံးသွားသည့် အမျိုးသားသည် မိုးကုတ်မြို့တွင် နေထိုင်သူဖြစ်သော်လည်း ကွတ်ခိုင်မြို့နယ်အတွင်း နမ့်ဖတ်ကာကျေးရွာဘက်တွင် လာရောက် အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းယ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ယာဉ်တိုက်မှုပေါင်း (၂၁)ကြိမ်ဖြစ်ပွားခဲ့ရာ (၁)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ (၃၃)ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo:  မြင့်မြတ်ပါရမီလူမှုကူညီရေးအသင်း