အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် ခင်ဦးတွင် စစ်ရှောင်ကလေးငယ် (၂)ဦး လက်နက်ကြီးထိ သေဆုံး

photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် ခင်ဦးတွင် စစ်ရှောင်ကလေးငယ် (၂)ဦး လက်နက်ကြီးထိ သေဆုံး
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကြောင်းကို တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များရှိရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မတ်လ (၆)ရက်နေ့တွင် အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးထပ်မံ၍ အသက်ဆုံးရှုံးသွားရကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ အလယ်ရှိရွာမှ အသက် (၁၂)နှစ်အရွယ် စစ်ရှောင်ကလေးငယ်မှာ ၂၀၂၃ ခုနှစ် မတ်လ (၅)ရက်နေ့က စစ်ကောင်စီတပ်ပစ်ထားသည့် ၇၉ မမ လက်နက်ကြီးကျည် ပေါက်ကွဲ၍ သေဆုံးခဲ့ရပြီး နောက်ထပ် မုံလှကျေးရွာမှ (၈)နှစ်အရွယ် စစ်ရှောင်ကလေးငယ် (၁)ဦးမှာလည်း မတ်လ (၆)ရက်နေ့တွင် လက်နက်ကြီးဒဏ်ရာကြောင့် ထပ်မံသေဆုံးသွားရကြောင်း သိရသည်။

စစ်ကောင်စီတပ်က ၎င်းတို့စစ်ကြောင်းထိုးရာတလျှောက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ စစ်ကြောင်းနှင့်အနည်းဆုံး (၅)မိုင်အကွာထိ တိမ်းရှောင်ကြရန် စစ်ဘေးရှောင်ကူညီသူများက သတိပေးထားသည်။

အင်အားရာဂဏန်းပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦး-ခင်ဦး-ကန့်ဘလူနယ်အစပ် ကန့်ဘလူနယ် ကျီစုရွာဘက်မှနေ၍ စစ်ကြောင်းထိုးလာ၍ ငါးရုံကြီးရွာ၊ ရှားတောရွာ၊ မုံလှရွာတို့မှ ဒေသခံများမှာ တောထဲတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်က အဆိုပါစစ်ရှောင်များရှိရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်းတို့စစ်ကြောင်းထိုးရာ မြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ တွေ့ရှိသူများအား ဖမ်းဆီးခြင်းများကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာသည်နှင့် စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်ပြီး ခင်ဦးမြို့နယ်တွင် လက်ရှိအချိန်ထိ ကျေးရွာ (၇)ရွာမှ ဒေသခံများ တိမ်းရှောင်နေကြရသဖြင့် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။