လားရှိုးမြို့တွင် ရေသန့်စက်ရုံတစ်ရုံ မီးလောင်မှု ဖြစ်ပွား

လားရှိုးမြို့တွင် ရေသန့်စက်ရုံတစ်ရုံ မီးလောင်မှု ဖြစ်ပွား

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း၊ လားရှိးမြို့နယ်ပေါ် ရပ်ကွက်(၁၀)ရှိ ရွှေတောင်တန်းရေသန့်စက်ရုံတွင် ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၄)ရက်နေ့ နံနက် (၂)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးက ဒီနေ့ မနက်အစောကြီးမှာ ထလောင်တာ ဟုတ်တယ်။ ဘယ်လိုကနေ ဘယ်လိုစလောင်တယ်ဆိုတာတော့ သေချာမသိရသေးဘူး။ မီးတော့ မီးသတ်တပ်ဖွဲ့တွေက ( ၁ )နာရီလောက်ကြာအောင် ငြိမ်းသတ်ရတယ်”ဟု ရပ်ကွက်(၁၀)တွင်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ စည်ပင်သာယာရေးမှ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် နှင့် အနီးဝန်းကျင်နေ ပြည်သူများဖြင့် စုပေါင်း ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မတ်လ(၁)ရက်နေ့ကလည်း လားရှိုးမြို့နယ်အတွင်း နမ့်ကျန်ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၏ တစ်လတာအတွင်းကလည်း  မီးလောင်မှု (၁၀)ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ရာ လားရှိုးမြို့နယ်တွင် မီးလောင်မှု (၄)ကြိမ် ဖြစ်ပွားခဲ့သေးသည်။

 

Photo: CJ, Nay Myo