၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် အဝလွန်သူများဖြစ်လာမည်ဟု အစီရင်ခံစာကဆို

Photo: SHUTTERSTOCK
Photo: SHUTTERSTOCK
၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် အဝလွန်သူများဖြစ်လာမည်ဟု အစီရင်ခံစာကဆို
By Mr John

 

သိသာထင်ရှားသည့် ဆောင်ရွက်မှုမရှိလျှင် ၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မှာ အဝလွန်သူများဖြစ်လာလိမ့်မည်ဟု အစီရင်ခံစာအသစ်တစ်ခုက ခန့်မှန်းထားသည်။ 

လာမည့် (၁၂) နှစ်အတွင်း ကမ္ဘာ့လူဦးရေ၏ (၅၁) ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ (၄) ဘီလီယံကျော်မှာ အဝလွန်သူများ သို့မဟုတ် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုမိုနေသူများ ဖြစ်လာမည်ဟု World Obesity Federation ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာက ခန့်မှန်းဖော်ပြသည်။

အထူးသဖြင့် ကလေးများနှင့် ဝင်ငွေနည်းသည့် နိုင်ငံများတွင် အဝလွန်မှုနှုန်း လျင်မြန်စွာ မြင့်တက်လာနေကြောင်း အစီရင်ခံစာက ဆိုသည်။ 

အစီရင်ခံစာ အချက်အလက်များမှာ ရှင်းလင်းသည့် သတိပေးချက်ဖြစ်ကြောင်းနှင့် မူဝါဒချမှတ်သူများအနေဖြင့် အခြေအနေ ပိုဆိုးလာမှုကို တားဆီးရန် ယခုပင် လုပ်ဆောင်ရန် လိုအပ်ကြောင်း World Obesity Federation ဥက္ကဌ Louise Baur က ပြောသည်။

"ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကြား အဝလွန်မှုနှုန်း အမြန်ဆုံး မြင့်တက်လာနေတာက အထူးစိုးရိမ်စရာ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းက အစိုးရတွေနဲ့ မူဝါဒချမှတ်သူတွေ အနေနဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေး ကုန်ကျစရိတ်တွေကို လူငယ်မျိုးဆက်တွေဆီ မရောက်စေဖို့ သူတို့ လုပ်နိုင်တာအားလုံး လုပ်ဖို့လိုပါတယ်" ဟု သူမက ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။ 

ကလေးများ အဝလွန်မှုမှာ ၂၀၂၅ ခုနှစ်တွင် ၂၀၂၀ ခုနှစ်ကထက် (၂) ဆကျော် ဖြစ်လာနိုင်ပြီး ယောက်ျားလေး (၂၀၈) သန်းနှင့် မိန်းကလေး (၁၇၅) သန်း အဝလွန်သူများ ဖြစ်လာနိုင်ကြောင်း အစီရင်ခံစာက တွေ့ရှိခဲ့သည်။

အဝလွန်မှုနှင့် ဆက်နွယ်နေသည့် ကျန်းမာရေးပြဿနာများကြောင့် လူ့အဖွဲ့အစည်းအတွက် ကုန်ကျစရိတ်မှာ သိသိသာသာ ရှိလာမည်ဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၄) ထရီလီယံကျော်နိုင်သည်ဟု ဆိုသည်။

 World Obesity Federation အစီရင်ခံစာအရ လာမည့်နှစ်များအတွင်း အာရှနှင့် အာဖရိကရှိ ဝင်ငွေနည်း သို့မဟုတ် အလယ်အလတ်ဝင်ငွေရှိ နိုင်ငံအားလုံးနီးပါးတွင် အဝလွန်မှု အကြီးမားဆုံး တိုးလာနိုင်ကြောင်းလည်း သိရသည်။

Source: Reuters