ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့စခန်းအား TNLA ဝင်ရောက်စီးနင်း၊ တအာင်းလူမျိုး ၁၂၇ ဦးကို ကယ်ထုတ်

ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့စခန်းအား TNLA ဝင်ရောက်စီးနင်း၊ တအာင်းလူမျိုး ၁၂၇ ဦးကို ကယ်ထုတ်
ဖေဖော်ဝါရီ 7, 2023 | ရှမ်းမြောက်

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ဂျာယန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်းကို TNLA က စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်မဟာ (၇)တပ်ဖွဲ့မှ အင်အား (၅၀၀)ကျော် အသုံးပြုပြီး ဂျာယန်ပြည်သူ့စစ်တပ်စခန်းသို့ ဝင်ရောက်စီးနင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး  ၁၂၇ ဦးအား ကယ်ထုတ်နိုင်ခဲ့ရာ ကလေးစစ်သားများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့မှ အတင်းအဓမ္မ သိမ်းသွင်းခေါ်ယူထားသော တအာင်းလူမျိုး အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၅ ဦးအား ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ဂျာယန်ပြည်သူ့စစ်တပ်စခန်းအတွင်းမှ ကယ်ဆယ်နိုင်ခဲ့သည့် တအာင်းလူမျိုး ၁၂၇ ဦးအနက် (၈)နှစ်မှ (၁၇)နှစ်အရွယ် ၂၀ ဦးရှိပြီး၊ (၁၈)နှစ်မှ (၆၅)နှစ်အရွယ် ၁၀၇ ဦး ပါရှိကြောင်း သိရသည်။

TNLA မှ ဂျာယန်ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးအလုံး(၃၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဂျာယန်ကျေးရွာအနီးသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

Photo - News & Information Department