ပတ်စ်ပို့သက်တမ်းတိုးရန် အခက်ကြုံနေရသည့် မြန်မာများအတွက် ထိုင်းအစိုးရဌာနက အလုပ်လုပ်ခွင့်ပါမစ်လျှောက်ရမည့် နောက်ဆုံးရက်ကို ပြင်ဆင်

Photo: ဘန်ကောက် မြန်မာသံရုံး
Photo: ဘန်ကောက် မြန်မာသံရုံး
ပတ်စ်ပို့သက်တမ်းတိုးရန် အခက်ကြုံနေရသည့် မြန်မာများအတွက် ထိုင်းအစိုးရဌာနက အလုပ်လုပ်ခွင့်ပါမစ်လျှောက်ရမည့် နောက်ဆုံးရက်ကို ပြင်ဆင်
By Mr John

ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနက ပြည်ပရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်ပါမစ်အသစ်အတွက် လျှောက်လွှာတင်ရန် နောက်ဆုံး သတ်မှတ်ရက်ကို ၂၀၂၃ ခုနှစ် မေလလယ်အထိ တိုးမြှင့်ခွင့်ပြုသွားရန် စီစဥ်နေကြောင်း သိရသည်။

 မြန်မာနိုင်ငံမှ အလုပ်သမားများမှာ ပတ်စ်ပို့သက်တမ်းတိုးရန် မြန်မာသံရုံးတွင် ဆောင်ရွက်နေကြရာ၌ အခက်အခဲများ ကြုံနေကြရသဖြင့် ထိုင်းက အလုပ်လုပ်ခွင့်ပါမစ်အသစ်လျှောက်ထားမှုကို ယခင် သတ်မှတ်ထားသည့် နောက်ဆုံးရက်ဖြစ်သော ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့အမီ ဆောင်ရွက်နိုင်ဖွယ်မရှိဟု ဆိုသည်။

အလုပ်လုပ်ခွင့်ပါမစ်အသစ် လျှောက်ထားရမည့် နောက်ဆုံးရက်ကို ယခင်အတိုင်း ဆက်လက် သတ်မှတ်ထားပါက ပါမစ်အသစ်လုပ်ရန် လိုအပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သန်းကျော်အနက်မှ (၁၅) ရာခိုင်နှုန်းမှာ ၎င်းတို့၏ လျှောက်လွှာများကို အချိန်မီ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ပတ်စ်ပို့သက်တမ်းတိုးရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် လူတန်းရှည်ကြီးဖြစ်သည်အထိ အချိန်ကြာမြင့်စွာ စုပြုံစောင့်ဆိုင်းနေကြရပြီး မူးမေ့လဲကျသူများရှိသည်အထိ လူအုပ်ထူထပ်များပြားခဲ့ရသဖြင့် မြန်မာသံရုံးက အလုပ်သမားထောင်ကျော်ရှိသည့် စက်ရုံများသို့ မိုဘိုင်းအဖွဲ့လွှတ်ပေးပါမည်ဟု ကြေညာခဲ့ရသည်။

ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမား အများအပြားမှာလည်း ပတ်စပို့သက်တမ်းတိုးရန် အချိန်ကြာမြင့်မှုနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။ 

ရွှေ့ပြောင်းအလုပ်သမားများမှာ  COVID-19 ကပ်ရောဂါကာလအတွင်း နယ်စပ်များ ပိတ်ထားမှုကြောင့် ထိုင်းနိုင်ငံတွင် ပိတ်မိကာ ပတ်စပို့သက်တမ်းကုန်ခဲ့ကြသူများဖြစ်ကြပြီး  ဖေဖေါ်ဝါရီလနှောင်းပိုင်းမှ မတ်လကုန်ကာလအတွင်း ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်ဟု မျှော်လင့်ထားကြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနက ရွှေ့ပြောင်းအလုပ်သမားများကို ၎င်းတို့၏ အလုပ်လုပ်ခွင့်ပါမစ် လျှောက်လွှာကြေးများအား 7-Eleven အရောင်းဆိုင်များတွင် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့မတိုင်မီ ပေးသွင်းရန် ကြေညာထားသည်။



Source: Bangkok Post