UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးနေသည့် ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်ပါ ၄ ဦး ပစ်ခတ်ဖမ်းဆီးခံရ

Photo: Bago Region PDF
Photo: Bago Region PDF
UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးနေသည့် ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်ပါ ၄ ဦး ပစ်ခတ်ဖမ်းဆီးခံရ
By Tachileik News Agency

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီးအစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပစ်ခတ်ဖမ်းဆီးရမိကြောင်း ပဲခူးတိုင်း PDF က သတင်းထုတ်ပြန်ထားသည်။

UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးနေကြသည့် အဆိုပါ ဗိုလ်မှူးနှင့် တပ်ကြပ်ကြီးတို့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက်နက်များ ၀ယ်ယူမည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့် ၎င်းတို့နှစ်ဦးကို ရန်ကုန် - မန္တလေးအမြန်လမ်းတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ကင်းပုန်းဝပ်စောင့်ဆိုင်း၍ ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point - Ocean စင်တာအနီးရှိ အမှတ်(၁)စစ်ဘက် ရေးရာလုံခြုံရေးအကူတပ်မှ စစ်ကြောရေးတာဝန်ခံ စရက(၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

၎င်းတို့နှစ်ဦးထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများနှင့် အတူပါလာသည့် အမျိုးသားနှစ်ဦးမှာလည်း စစ်ဆေးမေးမြန်းရန် ဖမ်းခေါ်စဉ် လက်နက်လုယူထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးမှုအတွင်း သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။