Go First က ခရီးသည် ၅၀ ကျော် လေဆိပ်တွင် မေ့ကျန်နေခဲ့သည့်ဖြစ်ရပ် လေကြောင်းတာဝန်ရှိသူများ မေးခွန်းထုတ်ခံနေရ

Go First က ခရီးသည် ၅၀ ကျော် လေဆိပ်တွင် မေ့ကျန်နေခဲ့သည့်ဖြစ်ရပ် လေကြောင်းတာဝန်ရှိသူများ မေးခွန်းထုတ်ခံနေရ
By Tachileik News Agency

အိန္ဒိယနိုင်ငံတွင် Go First လေကြောင်းလိုင်းက ခရီးသည် (၅၀)ကျော်ကို လေဆိပ်တွင် မေ့ချန်ထားခဲ့သည့်ဖြစ်ရပ်အတွက် လေကြောင်းဌာနတာဝန်ရှိသူများ ဖြေရှင်းရန်ကြိုးစားနေကြရကြောင်း သိရသည်။

ယခင် Go Air အမည်မှ Go First သို့ပြောင်းလဲထားသည့် လေကြောင်းလိုင်းက ခရီးသည် (၅၀)ကျော်ပါဝင်သည့် ဘတ်စ်ကားတစ်စီးကို လေဆိပ်တွင် ချန်ထားခဲ့သည့်ဖြစ်ရပ်အတွက် အိန္ဒိယလေကြောင်းဌာန တာဝန်ရှိသူများကို ဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။

ဇန်နဝါရီလ (၉)ရက်နေ့က Go First လေကြောင်းလိုင်း၏ ဘင်္ဂလူးရူး - ဒေလီခရီးစဉ် G8 116 ဖြင့် နံနက် ၆ နာရီ မိနစ် ၂၀ တွင် ပျံသန်းမည့် လေယာဉ်တွင် လိုက်ပါမည့် ခရီးသည် (၅၀)ကျော်သည် ဘတ်စ်ကားတစ်စီးဖြင့် လေဆိပ်ကွင်းထဲ ကျန်ခဲ့ပြီး လေယာဉ်က ခရီးစဉ် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Boarding pass များကိုင်ကာ လေဆိပ်တွင် ကျန်ခဲ့သည့်ခရီးသည်များက ချက်ချင်းပင် တွစ်တာမှနေ၍ အဖြစ်အပျက်ကိုတင်ပြီး အိန္ဒိယလေကြောင်းဝန်ကြီး၊ လေကြောင်းလိုင်းနှင့် ဝန်ကြီးချုပ်ရုံးတို့ကို tag တွဲတင်ကာ တာဝန်ရှိသူများ အိပ်ပျော်နေကြသလားဟု ဝေဖန်ထားကြသည်ကို တွေ့ရသည်။

အဆိုပါဖြစ်ရပ်အတွက် လေကြောင်းလိုင်းက ခရီးသည်များအား တောင်းပန်ထားပြီး အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

လေဆိပ်တွင် ကျန်ခဲ့သည့် ခရီးသည် (၅၃)ဦးအနက် (၂)ဦးကို လက်မှတ်ခများ ပြန်လျော်ပေးပြီး ကျန်ခရီးသည်များက အခြားလေကြောင်းလိုင်းတစ်ခုဖြင့် ခရီးစဉ်လိုက်ပါနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် သက်ဆိုင်ရာလေကြောင်းလိုင်းမှ အစီရင်ခံစာကို စောင့်နေပြီး လိုအပ်သည့် အရေးယူမှုများလုပ်မည်ဟု အိန္ဒိယလေကြောင်းဌာနတာဝန်ရှိသူက သတင်းဌာနများကို ပြောကြားထားသည်။

Source: BBC