၃ နှစ်ဝန်းကျင်ပိတ်ထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၁ ပြန်ဖွင့်

Photo: Myat Ko Ko Hlaing
Photo: Myat Ko Ko Hlaing
၃ နှစ်ဝန်းကျင်ပိတ်ထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၁ ပြန်ဖွင့်
By Tachileik News Agency

ကရင်ပြည်နယ် မြဝတီမြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

အဆိုပါနယ်စပ်တံတားကို COVID-19 ကြောင့် လွန်ခဲ့သည့်  ထိုင်းဘက်က စတင်ပိတ်ခဲ့ခြင်းဖြစ်ပြီး တံတားပြန်ဖွင့်ရေး ထိုင်းဘက်က လိုလားကြောင်း ညှိနှိုင်းမှုများအကြိမ်ကြိမ်ရှိခဲ့ပြီးနောက် ၃ နှစ်ဝန်းကျင်အကြာတွင် ပြန်ဖွင့်လာခြင်းဖြစ်သည်။

 

ကရင်ပြည်နယ်ဘက်ရှိ နယ်စပ်တံတား ဖွင့်လှစ်နိုင်ပြီဖြစ်သော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားဖွင့်လှစ်နိုင်မည့်အခြေအနေကို မသိရသေးဘဲ ထိုင်းဘက်က ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်နေပြီဟု သတင်းများထုတ်ပြန်ထားသည်ကိုသာ တွေ့ရသည်။

ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ရှိ မြန်မာ - ထိုင်းနယ်စပ်ပေါက်များမှ  နှစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့်ပြုထားသည့် အမှတ် (၁)တံတားများကို လွန်ခဲ့သည့် (၃)နှစ်ဝန်းကျင်ကတည်းက ပိတ်ထားချိန်တွင် ကုန်သွယ်ရေးအတွက် အမှတ်(၂)တံတားများကို ဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နယ်စပ်တံတားများ ပိတ်လိုက်သဖြင့် ထိုင်းဘက်သို့ ကျန်းမာရေးအတွက် ဆေးသွားကုမည့်သူများနှင့် တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းဝယ်ယူသူများ အခက်အခဲကြုံနေကြရခြင်းဖြစ်သည်။

COVID 19 ဖြစ်ပွားမှု တစ်ကျော့ပြန်မြင့်တက်နေသည့် တရုတ်ကလည်း ပိတ်ထားသည့် မြန်မာ - တရုတ် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၅) ရက်နေ့ နံနက်(၉)နာရီ (၄၉)မိနစ်အချိန်တွင် အသိပေးကြေညာထားသည်ကို တွေ့ရသည်။