BMW က အရောင်ပြောင်းနိုင်သည့် အနာဂတ်ကားအမျိုးအစားသစ် ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသ

BMW က အရောင်ပြောင်းနိုင်သည့် အနာဂတ်ကားအမျိုးအစားသစ် ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသ
ဇန်နဝါရီ 6, 2023 | နိုင်ငံတကာသတင်း
By Mr John

နာမည်ကြီး BMW ကားကုမ္ပဏီက အရောင်ပြောင်းနိုင်သည့် ကားအမျိုးအစားသစ်၏ ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသလိုက်ပြီး ထိုကားတွင် လေကာမှန် အတွင်းပိုင်းတစ်လျှောက် ကားမောင်းနှင်မှု အချက်အလက်များကို ပြသပေးသည့် ဒစ်ဂျစ်တယ်စနစ်များလည်း ပါဝင်ကြောင်း သိရသည်။ 

Video: Metro co. UK



i Vision Dee ဟုခေါ်သည့် ထိုကားကို အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့တွင် ကျင်းပပြုလုပ်သည့် Consumer Electronics Show ပြပွဲ၌ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး "Terminator" မင်းသားနှင့် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အာနိုးရှဝါဇနက်ဂါ တက်ရောက်ခဲ့သည်။

BMW က ယမန်နှစ် Consumer Electronics Show ပြပွဲတွင်လည်း အဖြူရောင်မှ အနက်နှင့် ခဲရောင်သို့ ပြောင်းလဲနိုင်သည့် ကားတစ်စီးကို ထုတ်ဖော်ပြသခဲ့သေးသည်။ 

သို့သော် ယခုနှစ်တွင် ပြသလိုက်သည့်ကား၏ ဘော်ဒီမှာမူ သက်တန့်ရောင်၊ အရောင်တစ်မျိုးတည်း သို့မဟုတ် အစင်းကြားအရောင်များအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုသည်။

ယခုအချိန်တွင် BMW i Vision Dee မှာ စိတ်ကူးထားသည့် ရှေ့ပြေးပုံစံမျှသာဖြစ်သော်လည်း ဇိမ်ခံကားထုတ်လုပ်ရေးကုမ္ပဏီများထံမှ အနာဂတ်ကားပုံစံဒီဇိုင်းကို ပုံဖော်ထားသည်ဟု ယူဆရသည်။

 ဥပမာအားဖြင့် အမြန်နှုန်း သို့မဟုတ် ဦးတည်ရာကဲ့သို့ ကားမောင်းနှင်မှုဆိုင်ရာ အချက်အလက်များကို လေကာမှန်ပေါ်တွင် ဖော်ပြပေးသွားမည့်စနစ်မှာ လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးချယ်စရာတစ်ခု ဖြစ်လာမည်ဟု ဆိုသည်။

"ကျွန်တော် နည်းနည်းလေးတော့ စိုးရိမ်မိတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော့် ရုပ်ရှင်အများစုမှာ စက်တွေက ရန်သူဖြစ်ခဲ့တာလေ။ အခုတော့ သူတို့က မဟာမိတ်တွေပေါ့" ဟု မင်းသားကြီးအာနိုးက BMW အနာဂတ်ကားသစ် ရှေ့ပြေးပုံစံနှင့် နည်းပညာသစ်ကို အရွှန်းဖောက်ခဲ့သည်။

Source: AFP, Reuters