တာချီလိတ်တွင် မူးယစ်ဆေးဖြင့် ဖမ်းခံရသူက ရဲသေနတ်ကို လုယူပြီး ပစ်ခတ်မှုကြောင့် တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး သေဆုံးသွား

တာချီလိတ်တွင် မူးယစ်ဆေးဖြင့် ဖမ်းခံရသူက ရဲသေနတ်ကို လုယူပြီး ပစ်ခတ်မှုကြောင့် တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး သေဆုံးသွား
နိုဝင်ဘာ 30, 2022 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရှောင်တခင်စစ်ဆေးမှုအတွင်း မူးယစ်ဆေးဝါးဖြင့် ဖမ်းမိသည့် တရားခံက ရဲ၏ သေနတ်ကို လုယူပြီး ပစ်ခတ်ရာမှ  တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး သေဆုံးသွားပြီး အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး တပ်ဖွဲ့ဝင်များ အရေးယူခံရမည်ဆိုး၍ ဖြစ်စဉ်အမှန်ကို အထက်ဌာနသို့ လိမ်လည်တင်ပြထားသည့်အပြင် ဒေသတွင်း သတင်းအမှောင်ချထားသည်ဟု သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အကြား ခရိုင်ကြက်ခြေနီရုံးအနီးရှိ မြို့ပတ်လမ်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ကျော်သီဟ နှင့် တပ်ဖွဲ့ဝင် (၈)ဦးဝန်းကျင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့ ည(၈)နာရီမထိုးမီအချိန်က စစ်ဆေးမှုများ ပြုလုပ်နေစဉ် စိုင်းမွန်းဦး၊ စိုင်းနွန်းခေါင် နှင့် ဝေယံလင်းတို့ မောင်းနှင်လာသည့် ဆိုင်ကယ်(၂)စီးအား ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီးလာသည့် အမျိုးသား(၃)ဦးကို  စစ်ဆေးရာ ၎င်းတို့ထံက KTV နှင့် Club များတွင် ရရှိနိုင်သည့် စိတ်ပြောင်းမူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water စုစုပေါင်း အလေးချိန် (၁.၇၅)ကီလို နှင့် ကက်တမင်း စုစုပေါင်း (၃၀)ဂရမ်ဝန်းကျင်တို့ကို တွေ့ရှိရသည့်အတွက် ကားပေါ်သို့ တင်ဆောင်စဉ် သေနတ်လုယူပြီး ပစ်ခတ်ရာမှ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ကြပ် သီဟမောင်မောင် ၏ ဦးခေါင်းနားထင်ကို ကျည်မှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

ဆက်လက်ပြီး မူးယစ်တပ်ဖွဲ့က သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ရာတွင် လူငယ်တစ်ဦးလည်း ကျည်ထိမှန်သည်ဟု သိရသည်။

"တပ်ကြပ်သီဟမောင်မောင် ကတော့ ခေါင်းရဲ့ ညာဖက်နားထင်ဖောက်ဝင်သွားပြီး သေသွားတယ်။ နာရေးကိုတော့ မနက်ဖြန် လုပ်ဖို့ စီစဉ်ထားတယ်။ တပ်ဖွဲ့ဘက် ကိုယ့်သေနတ်နဲ့ကိုယ် သူများပစ်လို့ ကျည်တစ်တချက် ထိမှန်ပြီး သေသွားတယ်။ ဆိုင်ကယ်မောင်းလာတဲ့ (၃)ယောက်ထဲက အသက်(၁၉)နှစ်လောက်ရှိတဲ့ ဝေယံလင်းကိုတော့ ကျွန်တော်တို့ဘက်က ပြန်ပစ်နိုင်မှုကြောင့် ရင်ဘတ်နဲ့ လက်မောင်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ (၄)ချက်ရသွားတယ်။ ဒီကိစ္စကတော့ သတင်းတွေ ပေါက်ကြားမှာဆိုးလို့ ထုံးစံအတိုင်း တာချီလိတ်က facebook page တွေမှာပါ မတင်အောင် ပိတ်ခိုင်းထားတယ်။"ဟု အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၄/၂၀၂၂၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ ဖြင့်  မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ကျော်သီဟက တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရသည်။

မူးယစ်ရဲသေဆုံးမှုကြောင့် ဖမ်းဆီးခံထားရသည့် လူငယ်များမှာလည်း ညှင်းပမ်းနှိပ်စက်ခံထားရကြောင်း သိရသည်။ 

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သည် မူးယစ်ဆေးဝါးများဖမ်းဆီးရမိသည့်အခါတိုင်းတွင် သိမ်းဆည်းရမိသည့် ရွှေနှင့် ငွေများကို ဖော်ပြခြင်းမရှိဘဲ မူးယစ်ဆေးဝါးများစာရင်းကိုသာ ဖော်ပြလေ့ရှိပြီး သိမ်းဆည်းယာဉ်များကိုလည်း အရေအတွက်များ လျှော့ပေါ့တင်ပြခြင်း နှင့် ဖြစ်စဉ်များကို အထက်ဌာနသို့ အမှန်တိုင်းတင်ပြမှု နည်းပါးကြောင်း သိရသည်။