တာချီလိတ်တွင် Call Center လုပ်၍ ငွေလိမ်နေသည့် တရုတ်နိုင်ငံသားများအနက် တရုတ်(၉)ဦး ထိုင်းဘက်သို့ ခိုးဝင်စဉ် ထိုင်းစစ်တပ်က ဖမ်းမိ

တာချီလိတ်တွင် Call Center လုပ်၍ ငွေလိမ်နေသည့် တရုတ်နိုင်ငံသားများအနက် တရုတ်(၉)ဦး ထိုင်းဘက်သို့ ခိုးဝင်စဉ် ထိုင်းစစ်တပ်က ဖမ်းမိ
စက်တင်ဘာ 27, 2022 | ရှမ်းရှေ့

ထိုင်းနိုင်ငံတွင်းသို့ တာချီလိတ်မြို့ဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၉)ဦးကို ၎င်းတို့အား သယ်လာပေးသည့် ထိုင်းခရိုင်ခွဲအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်အတူ  ဖမ်းဆီးရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့်နယ်စပ် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ့်ဖားလုံဒေသအတွင်း ထိုင်းစစ်တပ်၏ စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ (၂၆)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က မယ့်ဖားလုံခရိုင်ခွဲအုပ်ချုပ်ရေးမှူး မောင်းနှင်လာသည့် ချင်းရိုင်းနံပါတ်ပြားတပ် မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် တွေ့ရသည့် တရုတ်နိုင်ငံသား (၉)ဦးသည် တာချီလိတ်ဘက်မှ တရားမဝင်ခိုးဝင်လာကြသည်ကို စစ်ဆေးတွေ့ရသည့်အပြင် ၎င်းတို့ထံမှ မိုဘိုင်းဖုန်း (၄၅)လုံး၊ ခရက်ဒစ်အမြောက်အများနှင့် ငွေကြေးအချို့ကိုပါ စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

အဆိုပါတရုတ်နိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ်များပါဝင်သည်ဟု သိထားရပြီး မည်သို့မည်ပုံ နိုင်ငံတွင်းခိုးဝင်လာသည်ကို မသိရကြောင်း ခရိုင်ခွဲအုပ်ချုပ်ရေးမှူးက ပြောသည်ဟု သိရသည်။

ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၉)ဦးအား စစ်ဆေးရာ ၎င်းတို့အဖွဲ့သည် မြန်မာနိုင်ငံတွင် Call Center လုပ်ကိုင်၍ အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့်အလုပ်ကို လုပ်ကိုင်နေကြသူများဖြစ်ပြီး မြန်မာဘက်တွင် လိုက်လံဖမ်းဆီးနေ၍ ထိုင်းဘက် ခိုးဝင်လာခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား (၉)ဦးကို ချင်းရိုင်းခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။

ခရိုင်ခွဲအုပ်ချုပ်ရေးမှူးကို မယ့်ဖားလုံရဲစခန်းတွင် ထိန်းသိမ်းထားပြီး လူကုန်ကူးမှုဖြင့် အရေးယူမည်ဟု သိရသည်။

 

Source: Bangkok Post

Photo: ส่องเชียงราย