စစ်ကိုင်း - မုံရွာလမ်းတွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီယာဉ်တန်းကို နှစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်း - မုံရွာလမ်းတွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီယာဉ်တန်းကို နှစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကိုင်း - မုံရွာလမ်းပိုင်းတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့ နေ့လယ်ပိုင်း၌  အာဏာသိမ်း စစ်ကောင်စီတပ်ယာဉ်(၂၁)စီးပါ ယာဥ်တန်းအား  နှစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း  Black Eagle Defence Force-MMU က သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းအား ညနေ(၃)နာရီ‌ကျော်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာအကြား၌ ပဒေသာမိုင်း (၃)လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြားတွင် ပဒေသာမိုင်း (၃)လုံးတွဲအပြင် Mytel မမဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၊  People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ- CDSOM တို့ပါဝင်သည့် ညီနောင် မဟာမိတ်( ၅ )ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

မြို့ရွာများကို စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်အား စစ်အာဏာရှင်တော်လှန်နေသည့် ဒေသကာကွယ်ရေးအဖွဲ့များက လက်လုပ်မိုင်းများအပါအဝင် ရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်မှုများ လုပ်နေကြခြင်းဖြစ်သည်။