ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်ကို ရွေးချယ်ခန့်အပ်

 ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာမည့် လစ်ဇ်ထရပ်စ်က [ Photo: Stefan Rousseau/Pool ]
 ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာမည့် လစ်ဇ်ထရပ်စ်က [ Photo: Stefan Rousseau/Pool ]
ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်ကို ရွေးချယ်ခန့်အပ်
စက်တင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗြိတိန်တွင် ဘောရစ်ဂျွန်ဆင်၏ နေရာကိုဆက်ခံမည့် ဝန်ကြီးချုပ်သစ်အဖြစ် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်ကို ရွေးချယ်လိုက်ကြောင်း သိရသည်။  

လစ်ဇ်ထရပ်စ်သည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသည့် တတိယမြောက် အမျိုးသမီးလည်း ဖြစ်လာမည်ဟု သိရသည်။

သူမက အာဏာရ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရာ နောက်ဆုံးအဆင့်တွင် Rishi Sunak ကို အနိုင်ရပြီး ပါတီခေါင်းဆောင်လည်း ဖြစ်လာခဲ့သည်။ 

အာဏာရ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဖြစ်လာသူ လစ်ဇ်ထရပ်စ်က စက်တင်ဘာလ (၆) ရက်နေ့တွင် စကော့တလန်ရှိ Balmoral ရဲတိုက်တွင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်နှင့် သွားရောက်တွေ့ဆုံပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တရားဝင် စတင်တာဝန်ယူမည် ဖြစ်သည်။ 

လစ်ဇ်ထရပ်စ်က ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရမှုအတွက် ဂုဏ်ယူကြောင်း ပြောခဲ့သည်။ 

သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရာထူးအင်တာဗျူး စီစဥ်ပေးသည့် ပါတီနှင့် သူမ၏ ထောက်ခံသူများကိုလည်း ကျေးဇူးတင်ကြောင်း လစ်ဇ်ထရပ်စ်က ဆိုသည်။

ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူချိန်တွင် လစ်ဇ်ထရပ်စ်က စွမ်းအင်ကိစ္စကို ဦးစားပေး ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ပြောထားပြီး စွမ်းအင်ဈေးနှုန်းများ မြှင့်တက်နေမှုသည် သူမအတွက် ပွဲဦးထွက် စိန်ခေါ်မှုလည်း ဖြစ်လာမည်ဟု ဆိုသည်။

 ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာမည့် လစ်ဇ်ထရပ်စ်က အခွန်လျှော့ချမည်ဟုလည်း သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ရွေးချယ်တင်မြှောက်ရန် ပါတီအဖွဲ့ဝင်များက မဲပေးခဲ့ကြရာ လစ်ဇ်ထရပ်စ်က ထောက်ခံမဲ (၈၁,၃၂၆) မဲ ရရှိခဲ့ပြီး သူမနှင့် ယှဥ်ပြိုင်ရွေးကောက်ခံသည့် ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak က ထောက်ခံမဲ (၆၀,၃၉၉) မဲ ရရှိခဲ့ကြောင်း သိရသည်။ 

အသက် (၄၇) နှစ်အရွယ် လစ်ဇ်ထရပ်စ်က ၂၀၁၀ ခုနှစ်မှစပြီး ကွန်ဆာဗေးတစ်ပါတီ၏ South West Norfolk ကိုယ်စားပြု လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်တွင် အမျိုးသမီးများနှင့် တန်းတူညီမျှမှုဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ကြောင်း သိရသည်။ 

သူမက ဒေးဗစ်ကင်မရွန်း၊ ထရီဆာမေနှင့် ဘောရစ်ဂျွန်ဆင်တို့ ဦးဆောင်သည့် အစိုးရအဖွဲ့များတွင် အစိုးရအဖွဲ့ဝင် ရာထူးနေရာအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ လ

စ်ဇ်ထရပ်စ်က အောက်စ်ဖို့တက္ကသိုလ် Merton ကောလိပ်တွင် ပညာသင်ကြားခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ခင်ပွန်းဖြစ်သူ Hugh O'Leary နှင့် လက်ထပ်ခဲ့ကြောင်းနှင့် ကလေး (၂) ဦးရှိကြောင်း သိရသည်။

Source: BBC, Reuters