ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံကို CNO ၏ကျန်းမာရေးဌာနက ကြီးမှူးဖွင့်လှစ်

ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံကို CNO ၏ကျန်းမာရေးဌာနက ကြီးမှူးဖွင့်လှစ်
By Tachileik News Agency

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် Chin National Organization(CNO) ၏ ကျန်းမာရေးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  ကုတင် ၅၀ ဆံ့ဆေးရုံကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါဆေးရုံသည် ၂၀၂၁ ခုနှစ် CNO/CNDF ဖွဲ့စည်းခဲ့သည့်အချိန်မှစတင်ပြီး ဆေးကုသမှုလုပ်ဆောင်နေသည့်နေရာဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဆေးရုံအဖြစ်တိုးချဲ့ခဲ့ကြောင်း သိရသည်။

ဆေးရုံစတင်ချိန်က PDF-kalay ဆရာဝန်များနှင့် ပူးပေါင်း၍ ဒဏ်ရာရတပ်ဖွဲ့ဝင်များအား ကုသပေးနေရာမှ လက်ရှိအချိန်တွင် ရဲဘော်များကို ခွဲစိတ်ကုသခြင်း၊ ကလေး မီးဖွားပေးခြင်းနှင့် ‌ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးရုံဖွင့်ပွဲကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်ဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲ‌ဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်းသီဆိုကာ ဒေသခံဆရာ တော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ကာ CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICNCC မှ ပေးပိုသည့်သဝဏ်လွှာကို CNO တွဲဖက်အတွင်းရေးမှူး(၂) ဆလိုင်းဂျိုးဆက်က ဖတ်ကြားသည်ဟု သိရသည်။



CNO/CNDF သည် စစ်တပ်ကနိုင်ငံ့အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များမှ တစ်ဖွဲ့ဖြစ်သည်။