ထိုင်းနိုင်ငံတွင် အနိမ့်ဆုံး လုပ်အားခကို (၈) ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် စီစဥ်နေ

Photo: Gemunu Amarasinghe/AP
Photo: Gemunu Amarasinghe/AP
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံး လုပ်အားခကို (၈) ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် စီစဥ်နေ
By Mr John

မြန်မာနိုင်ငံနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကပ်ရောဂါသက်ရောက်မှုကို ရင်ဆိုင်နေကြရသည့် ဝန်ထမ်းများအတွက် အကူအညီဖြစ်စေရန် ရည်ရွယ်ပြီး အစိုးရက (၂) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနိမ့်ဆုံး လုပ်အားခကို (၅) ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားရန် စီစဥ်ထားကြောင်း လုပ်ခလစာကော်မတီနှင့် အလုပ်သမားဝန်ကြီးက ပြောသည်။

ထိုင်းနိုင်ငံ လုပ်ခလစာကော်မတီက ယခုလနှောင်းပိုင်းတွင် ပြုလုပ်ရန်ရှိသည့် အစည်းအဝေး၌ အနိမ့်ဆုံး တစ်နေ့လုပ်အားခ တိုးမြှင့်ပေးရန် အကြံပြုထောက်ခံသွားမည်ဟု ကော်မတီအဖွဲ့ဝင် Phijit Deesui က Reuters သတင်းဌာနကို ဩဂုတ်လ (၇) ရက်နေ့တွင် ပြောခဲ့သည်။ 

အနိမ့်ဆုံး တစ်နေ့လုပ်အားခကို ထိုင်းဘတ်ငွေ (၃၂၉) နှင့် (၃၅၃) ကြား ပမာဏအဖြစ် (မြန်မာကျပ်ငွေ ၁၇,၀၀၀ ကျော်နှင့် ၁၈,၄၀၀ ကျော်ကြား) တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့ အတည်ပြုချက် စောင့်ဆိုင်းနေကြောင်း သိရသည်။

ထိုင်းအစိုးရက လာမည့်နှစ်အစောပိုင်းမှာထက် ယခုနှစ် နှောင်းပိုင်းမှစပြီး လုပ်အားခ တိုးမြှင့်သွားရန် လိုလားနေကြောင်း အလုပ်သမားဝန်ကြီး Suchart Chomklin က ဆိုသည်။

 "ဒါကို တတ်နိုင်သမျှ အမြန်ဆုံး ဖြစ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုက လူနေမှုကုန်ကျစရိတ်တွေနဲ့ အများကြီး လုံးပန်းနေကြရပြီး ကျွန်တော်တို့က လုပ်အားခ ချိန်ညှိမပေးခဲ့တာ ကြာပါပြီ" ဟု ဝန်ကြီးက Reuters ကို ပြောခဲ့သည်။

ထိုင်းနိုင်ငံ၏ အနိမ့်ဆုံး လုပ်အားခ နောက်ဆုံးအကြိမ် တိုးမြှင့်မှုအဖြစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီတွင် (၁.၆) ရာခိုင်နှုန်းမှ (၁.၈) ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။ 

ထိုင်းအစိုးရက တိုးမြှင့်ပေးသွားမည့် အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံ၏ လစဥ် အနိမ့်ဆုံး လုပ်ခလစာမှာ ဘတ် (၉,၈၇၀) မှ (၁၀,၅၉၀) ကြား (မြန်မာကျပ်ငွေ ၅၀၀,၀၀၀ ကျော်မှ ၅၅၀,၀၀၀ ကျော်အတွင်း) ဖြစ်လာမည်ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင်း လုပ်အားခအမြင့်ဆုံးတွင် ပါဝင်ကြောင်း သိရသည်။

Source: Reuters