လူနေတိုက်ခန်းတွဲကို ရုရှားဒုံးကျည် ထိမှန်ခဲ့မှုကြောင့် သေဆုံးပြည်သူ (၂၄) ဦးအထိ မြင့်တက်လာ

ရုရှားဒုံးကျည်ကြောင့် ပျက်စီးသွားသည့် လူနေတိုက်ခန်းတွဲတွင် ကယ်ဆယ်ရေးသမားများက ရှင်းလင်းပြီး ကယ်ဆယ်ရေးများ လုပ်ဆောင်လျက်ရှိသည်။ [ Photo  REUTERS/Gleb Garanich ]
ရုရှားဒုံးကျည်ကြောင့် ပျက်စီးသွားသည့် လူနေတိုက်ခန်းတွဲတွင် ကယ်ဆယ်ရေးသမားများက ရှင်းလင်းပြီး ကယ်ဆယ်ရေးများ လုပ်ဆောင်လျက်ရှိသည်။ [ Photo REUTERS/Gleb Garanich ]
လူနေတိုက်ခန်းတွဲကို ရုရှားဒုံးကျည် ထိမှန်ခဲ့မှုကြောင့် သေဆုံးပြည်သူ (၂၄) ဦးအထိ မြင့်တက်လာ
ဇူလိုင် 12, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းအရှေ့ပိုင်း Chasiv Yar မြို့ရှိ အထပ် (၅) ထပ်ပါ လူနေတိုက်ခန်းတွဲ အဆောက်အအုံကို ရုရှားဒုံးကျည် ထိမှန်ခဲ့မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်မှာ ဇူလိုင်လ (၁၁) ရက်နေ့က (၂၄) ဦးအထိ မြင့်တက်လာခဲ့ပြီး ကယ်ဆယ်ရေး သမားများက အပျက်အစီးများထဲတွင် အသက်ရှင်ကျန်သူများကို ရှာဖွေခဲ့ကြကြောင်း အရေးပေါ်ဌာနက ပြောသည်။ 

ဇူလိုင်လ (၉) ရက်နေ့ ညပိုင်းက Denetsk ဒေသ Chasiv Yar မြို့ငယ်လေးရှိ လူနေတိုက်ခန်းတွဲကို ရုရှားဒုံးကျည်ထိမှန်ခဲ့ပြီးနောက် အဆောက်အအုံ တစိတ်တပိုင်း ပြိုကျသွားခဲ့ရာ ကြီးမားသည့် အပျက်အစီးများ ကျန်ရှိနေသည်။

ကယ်ဆယ်ရေးသမားတွေက အုတ်အကျိုးအပဲ့နှင့် ကွန်ကရစ်တုံး အပိုင်းအစများကို ဖယ်ရှားရှင်းလင်းပြီး အသက်ရှင်ကျန်သူများကို ရှာဖွေနေခဲ့ရာ အသက်ရှင်သူတစ်ဦးကို အပျက်အစီးများထဲမှ ထုတ်ယူကယ်ဆယ်ခဲ့ကြောင်းနှင့် အလောင်း (၂) လောင်းကို အိတ်များထဲသို့ထည့်ကာ သယ်ဆောင်သွားခဲ့ကြောင်း Reuters သတင်းထောက်ကပြောသည်။ 

အဆောက်အအုံ အပျက်အစီးများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှုကို စစ်သားများကလည်း ဝိုင်းဝန်းကူညီခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လ (၁၁) ရက်နေ့အထိ အပျက်အစီးများအောက်မှ လူ (၉) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ အရေးပေါ်ဌာနက ပြောသည်။

 ဒုံးကျည်ထိမှန်ခဲ့သည့် လူနေတိုက်ခန်းတွဲ အဆောက်အအုံ၏ တစ်ဘက်ခြမ်းမှာ ပြိုကျသွားခဲ့ပြီး အပျက်အစီးများ တောင်လိုပုံကျန်ခဲ့သည်။ Chasiv Yar မြို့မှာ ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသ Kramatorsk မြို့အနီးတွင်ရှိကြောင်း သိရသည်။

ရုရှားတပ်ဖွဲ့တွေက Luhansk ဒေသကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိတွင် Donetsk ကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။ 

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန် ရည်မှန်းထားသည့် ရုရှားတပ်ဖွဲ့တွေက ထိုဒေသတွင် ပါဝင်ဖွဲ့စည်းထားသော Luhansk နှင့် Donetsk ကို သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

 သမ္မတဗလာဒီမာပူတင်က ဒွန်ဘတ်စ်မှာ ရုရှားနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဟု ပြောထားသည်။ Donetsk ဒေသ Chasiv Yar မြို့ရှိ လူနေတိုက်ခန်းတွဲကို ရုရှား၏ Uragan ဒုံးကျည်များ ထိမှန်ခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး Pavlo Kyrylenko က ပြောသည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကို အထူးစစ်ဆင်ရေးတစ်ခုအဖြစ်သာ ပြောဆိုထားသည့် ရုရှားက အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ 

Chasiv Yar မြို့တွင် ယူကရိန်း နယ်မြေကာကွယ်ရေးတပ်ဖွဲ့ ယာယီတပ်ဖြန့်ထားမှုကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ (၁၁) ရက်တွင် ထုတ်ပြန်သည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ (၉) ရက်နေ့တွင်လည်း Chasiv Yar မြို့တွင် အမေရိကန်ထုတ် US M777 ဟောင်ဝစ်ဇာအမြောက်များ သိုလှောင်ထားရှိသည့် အဆောက်အအုံတစ်ခုကို ဖျက်ဆီးခဲ့သည်ဟု ပြောခဲ့သည်။

Source: Reuters