ဖလမ်း - ဟားခါးလမ်းပေါ်ရှိ နေအိမ်(၃၀)ကျော်ကို အာဏာသိမ်းစစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လမ်းတလျှောက် ခုခံတိုက်ခိုက်နေ

Photo: ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO )
Photo: ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO )
ဖလမ်း - ဟားခါးလမ်းပေါ်ရှိ နေအိမ်(၃၀)ကျော်ကို အာဏာသိမ်းစစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လမ်းတလျှောက် ခုခံတိုက်ခိုက်နေ
ဇူလိုင် 11, 2022

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ထွက်ခွာလာသည့် အင်အား (၂၀၀)ကျော်ပါ အာဏာသိမ်းစစ်အုပ်စု၏ တပ်ကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်လျှက်ရှိကြောင်း Chin National Organization က ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်အုပ်စုတပ်ကို CNDF၊ CNA၊ CDF နှင့် CJDC ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လမ်းတလျှောက် ခုခံတိုက်ခိုက်လျှက်ရှိရာ အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တလန်ရောန်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် သူနာပြုဆရာမ၏ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ (၁၀)ရက်နေ့ မွန်းလွဲပိုင်းတွင် တလန်ဇာရ်ကျေးရွာရှိနေအိမ်များကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ကြရာ ညနေအထိ နေအိမ်(၆)လုံး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဇူလိုင်(၉)ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ တားလ်(Taal) ကျေးရွာမှ နေအိမ် (၂၉)လုံးကို မီးရှို့ဖျက်စီးခဲ့ကြသည်။

တားလ်ကျေးရွာသည် ဖလမ်း - ဟားခါးလမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ (၃၆)အိမ်ရှိရာ ပြီးခဲ့သည့်နှစ်တွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးခဲ့ကြသေးကာ ယခုထပ်မံ မီးရှို့ပြီးနောက် ကျန်ရှိသည့် နေအိမ် (၅)လုံးကိုလည်း ဖောက်ထွင်း ဖျက်စီးခဲ့ကြကြောင်း သိရသည်။