ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြန်လည်ရွေးကောက်ခံသမ္မတ အီမန်နျူရယ် မက်ခရွန်၏ မူဝါဒများကို ကန့်ကွက်ဆန္ဒပြသည့် မေးဒေးနေ့ (May Day) ဆန္ဒပြပွဲများအတွင်း မင်းမဲ့စရိုက်ဆန်သူများက စီးပွားရေးလုပ်ငန်းနေရာများကို ဝင်ရောက်မွှေနှောက်ခဲ့ကြရာမှ အကြမ်းဖက်ဆူပူမှုအသွင် ဖြစ်လာခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ကြောင်း သိရသည်။
ပြင်သစ်တဝန်း မေဒေးနေ့ စုရုံးချီတက်ပွဲကို လူပေါင်းထောင်နှင့်ချီ ပါဝင်ခဲ့ကြပြီး လုပ်ခလစာတိုးမြှင့်ပေးရေးနှင့် သမ္မတမက်ခရွန်၏ အငြိမ်းစားယူရမည်အသက် တိုးမြှင့်သတ်မှတ်ရန် အစီအစဥ်ကို ပယ်ဖျက်ပေးရေး တောင်းဆိုခဲ့ကြသည်။
ပြင်သစ်တဝန်း မေးဒေးနေ့ ဆန္ဒပြပွဲအများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သော်လည်း ပါရီမြို့တွင်မူ အကြမ်းဖက်မှုအသွင်ဖြစ်လာခဲ့ပြီး ရဲတပ်ဖွဲ့က လူ (၂၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Gerald Darmanin က Twitter တွင် ပြောသည်။
စုရုံးချီတက်မှု စတင်သည့် La Republique ရင်ပြင်အနီးနှင့် စုရုံးချီတက်သည့် လူအုပ်စုက ပါရီမြို့အရှေ့ပိုင်း La Nation ရင်ပြင်ကို ရောက်ရှိခဲ့ချိန်တွင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မင်းမဲ့စရိုက်ဆန်သူများက McDonald's စားသောက်ဆိုင်ကို ဝင်ရောက်မွှေနှောက်ခဲ့ကြပြီး အိမ်ခြံမြေလုပ်ငန်းအေဂျင်စီ ရုံးခန်းနေရာများကိုလည်း ရမ်းကားဖျက်ဆီးခဲ့ကြသည်။
၎င်းတို့က ပြတင်းပေါက်များကို ရိုက်ခွဲကြပြီး အမှိုက်ပုံးများကို မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ ဆူပူရမ်းကားသူတွေက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထိုအခြေအနေတွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်ပြီး တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြင်သစ်တွင် မေဒေးနေ့ စုရုံးချီတက် ဆန္ဒပြပွဲ (၂၅၀) ခန့်ကို ပါရီမြို့နှင့် လိုင်လီ၊ နန်တက်စ်၊ တူးလော့နှင့် မာဆေးလ် အပါအဝင် အခြားမြို့များတွင် ပြုလုပ်ခဲ့ကြသည်။
ပါရီမြို့တော်တွင် အလုပ်သမားသမဂ္ဂများနှင့်အတူ ထင်ရှားသည့် နိုင်ငံရေးသမားများလည်း ပါဝင်ခဲ့ပြီး အများစုမှာ လက်ဝဲဝါဒီနှင့် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူများ ဖြစ်သည်။
ဆန္ဒပြပွဲများတွင် သမ္မတမက်ခရွန်က အကောင်အထည်ဖော်ရန် စီစဥ်နေသည့် ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို (၆၂) နှစ်မှ (၆၅) နှစ်အဖြစ် တိုးမြှင့်သတ်မှတ်ရန်နှင့် စီးပွားရေးလုပ်ငန်း လိုလားသည့် မူဝါဒများကို ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
Source: Reuters