ထီးဆောင်း - အရာတော်လမ်းအတိုင်း မောင်းလာသည့် စစ်ကောင်စီတပ်၏ ယာဉ်(၂)စီးကို မိုင်းဆွဲ တိုက်ခိုက်

ထီးဆောင်း - အရာတော်လမ်းအတိုင်း မောင်းလာသည့် စစ်ကောင်စီတပ်၏ ယာဉ်(၂)စီးကို မိုင်းဆွဲ တိုက်ခိုက်
ဧပြီ 29, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှ ထီးဆောင်း - အရာတော်လမ်းအတိုင်း အင်အားအပြည့် တင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ကားနှစ်စီးကို ယနေ့ဧပြီလ(၂၉)ရက်နေ့ နံနက်ပိုင်းက တော်လှန်ရေးအင်အားစုများက မိုင်းနှစ်ကြိမ်ခွဲပြီး တိုက်ခိုက်ရာ ကားတစ်စီး မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်သား အများအပြားသေကြောင်း မြင်းမူ PDF က သတင်း ထုတ်ပြန်သည်။

၎င်းယာဉ်နှစ်စီးကို ထီးဆောင်းရွာနှင့် ကန်တော်ရွာကြားတွင်  Zero PDF အဖွဲ့ နှင့် GTR အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေပြီး အချို့မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

ထို့နောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြရာ Zero ပြောက်ကြားတပ်ဖွဲ့မှ CDM ရဲဝန်ထမ်း ဒုခေါင်းဆောင် ကိုရခိုင်ကြီး ကျဆုံးခဲ့ရကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်ခွါလာသည့် ၎င်းယာဉ်နှစ်စီးကို ခွက်ခွင်းရွာနှင့် ငကင်းရွာကြားတွင် မြင်းမူ PDF က ခွက်ခွင်းရွာအနီးတွင် (၁)ကြိမ်၊ ဆပ္ပျာကျင်းရွာအနီးတွင် (၂)ကြိမ်၊ ကန်တော်ရွာအနီးတွင်(၁) ကြိမ် မိုင်းဆွဲခဲ့ရာ ကားတစ်စီး မီးလောင်ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ကျန်ကားတစီးမှာ ကန်တော်ကျေးရွာသို့ ဆက်သွားပြီးနောက်  ကန်တော်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့သွားခဲ့‌ကြကြောင်း သိရသည်။