မြဝတီမြို့ရှိ ကာစီနိုရုံတစ်ခုတွင် ထိုင်းအမျိုးသမီး (၃၀၀) ခန့်ကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ် လုပ်ခိုင်းခံထားရ

မြဝတီမြို့ရှိ ကာစီနိုရုံတစ်ခုတွင် ထိုင်းအမျိုးသမီး (၃၀၀) ခန့်ကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ် လုပ်ခိုင်းခံထားရ
By Mr John

 ထိုင်း - မြန်မာနယ်စပ်အနီး တာ့ခ်ခရိုင် နှင့် ကပ်လျက်နေရာတွင်ရှိသည့် ကာစီနိုလောင်းကစားရုံတစ်ခု ထိုင်းအမျိုးသမီး (၃၀၀) ခန့်ကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ် လုပ်ခိုင်းထားကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အမည်မဖော်သည့် ထိုအမျိုးသမီးက ဧပြီ (၂၈) ရက်ေန့တွင် ထိုင်းရဲတပ်ဖွဲ့ Royal Thai Police Office ထံသို့ အမှုဖွင့်တိုင်ကြားရန် ရောက်ရှိလာခဲ့ကြောင်း သိရသည်။



သူမ၏ ထွက်ဆိုမှုအရ ယခုနှစ်အစောပိုင်းက အင်တာနက်တွင် တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးက အိမ်နီးချင်းနိုင်ငံနှင့် နယ်စပ်ဧရိယာအတွင်း လူထုဆက်ဆံရေးနှင့် ဖျော်ဖြေရေး အလုပ်အကိုင်များ လုပ်ကိုင်ရန် အမျိုးသမီးများကို ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖိတ်ခေါ်ခဲ့သူက လိင်ဖျော်ဖြေရေးလုပ်ငန်းများ မပါဝင်ကြောင်း အခိုင်အမာ ပြောခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယခုထွက်ပြေးလာသူအမျိုးသမီးက ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံ မြဝတီမြို့ရှိ ကာစီနိုရုံတစ်ခုသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။



ထိုကာစီနိုရုံမှ ဝန်ထမ်းက သူမကို ပြည့်တန်ဆာ မလုပ်ပါက ပြန်ပေးရွေးငွေ ဘတ် ၂၅,၀၀၀ ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း ထွက်ပြေးလာသည့် အမျိုးသမီးက ထွက်ဆိုခဲ့သည်။

မြဝတီမြို့ရှိ ကာစီနိုရုံတွင် သူမကဲ့သို့ပင် ထိုင်းအမျိုးသမီး (၃၀၀) ခန့် ပိတ်မိနေကြောင်းလည်း ထိုအမျိုးသမီးက ပြောသည်။

ယခုလအစောပိုင်းတွင် အမျိုးသမီးတစ်ဦးက အကူအညီပေးရန် ဖုန်းဆက်သွယ်ခဲ့ကြောင်း ယခုအမျိုးသမီးနှင့်အတူ ရဲတပ်ဖွဲ့ထံသို့ လိုက်ပါလာသူ Survive ကူညီရေးအဖွဲ့မှ Ekapop Lueangprasert က ဆိုသည်။



ဖုန်းထဲတွင် သူမသည် မြန်မာနှင့်ထိုင်းကို ပိုင်းခြားထားသည့် Moei မြစ်မှ မီတာ (၄၀၀)ခန့်အကွာတွင် ထိန်းသိမ်းခံထားရကြောင်း ပြောခဲ့သည်ဟု သိရသည်။

ဧပြီ (၁၀) ရက်နေ့တွင် သူမနှင့် နောက်ထပ် ထိုင်းအမျိုးသမီးတို့ ညဥ့်နက်ပိုင်းအချိန်တွင် ကာစီနိုရုံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ဟု ဆိုသည်။

ထို့နောက် ၎င်းတို့နှစ်ဦးမှာ နယ်စပ်သို့ ဦးတည်ထွက်ပြေးလာရာ မြန်မာစစ်သားများက နောက်မှလိုက်လာခဲ့တာကြောင့် အကူအညီပေးရန် အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။



၎င်းတို့၏ အော်ဟစ် အကူအညီတောင်းသံကို ထိုင်းစစ်သားများ ကြားခဲ့ပြီးနောက် ထိုင်းဘက်သို့ မြစ်ကိုဖြတ်ပြီး ရေကူးလာရန် ပြောခဲ့ကြောင်း Ekapop Lueangprasert က မြဝတီမြို့ရှိ ကာစီနိုရုံမှ ထွက်ပြေးလွတ်မြောက်လာသည် အမျိုးသမီးနှစ်ဦးဖြစ်ရပ်ကို ပြောပြခဲ့သည်။ ထိုင်းစစ်သားများက ၎င်းတို့နှစ်ဦးကို ထိုင်းဘက်အခြမ်း မြစ်ကမ်းနားတွင် စောင့်ဆိုင်းခေါ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။



Source: Bangkok Post