ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်သား (၄၈)ဦး သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်က (၁၀)ဦး ကျဆုံး

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်သား (၄၈)ဦး သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်က (၁၀)ဦး ကျဆုံး
ဧပြီ 15, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်တွင် ဧပြီလ၏ ဒုတိယပတ်တွင် မြို့နယ်များအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအကြား အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က စစ်သား(၄၈)ဦး သေဆုံးပြီး ၎င်းတို့၏ လက်နက်များကို သိမ်းဆည်းရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)က ဧပြီလ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ရိက္ခာပို့ယာဥ်တန်းအား တိုက်ခိုက်မှုအတွင်း စစ်သုံးယာဥ်(၁)စင်းနှင့် ထိုးစစ်ဆင်လမ်းကြောင်းဖောက်ရန်အတွက် အသုံးပြုသော မြေတူးစက်(၁)စင်း မီး လောင် ဖျက်ဆီးခဲ့ပြီး လက်နက်၊ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်အား Karenni Nationalities Defense Force-KNDF အပါအဝင် မဟာမိတ်တပ်များ စုပေါင်းပြီး တိုက်ရာ စစ်ကောင်စီတပ်ဘက်က (၄၈)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်းနှင့် ကရင်နီပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင် (၁၀)ဦးမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ဖျက်ရင်း အသက်ပေးသွားခဲ့ကြကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီးများဖြင့် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်း မြေမြုပ်မိုင်းများ ထောင်ခြင်းများအပြင် လေကြောင်း တိုက်ခိုက်မှုပါ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency

Photo: KNDF