COVID-19 ကူးစက်ခံရပြီး နောက်(၆)လအတွင်း သွေးခဲမှုအန္တရာယ် ပိုများကြောင်း ဆွီဒင်က လေ့လာတွေ့ရှိ

COVID-19 ကူးစက်ခံရပြီး နောက်(၆)လအတွင်း သွေးခဲမှုအန္တရာယ် ပိုများကြောင်း ဆွီဒင်က လေ့လာတွေ့ရှိ
By Mr John

COVID-19 ကူးစက်ခံရပြီး နောက်ခြောက်လအတွင်း ပြင်းထန်သည့် သွေးခဲမှု အန္တရာယ်ပိုများကြောင်း ဆွီဒင်နိုင်ငံမှ လေ့လာမှုတစ်ခုက ဆိုသည်။ ထိုလေ့လာမှုအရ ပြင်းထန်သည့် COVID-19 ရောဂါ ဖြစ်ပွားခဲ့သူများနှင့် ပထမလှိုင်းကူးစက်မှုအတွင်း ကူးစက်ခံခဲ့ရသူများက သွေးခဲမှုအန္တရာယ် ပိုမိုမြင့်မားကြောင်းလည်း သိရသည်။ ယခုလေ့လာတွေ့ရှိမှုက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့သည်ဟု သုတေသီတွေက ပြောသည်။



သွေးခဲမှုသည် ကာကွယ်ဆေးထိုးပြီးနောက်လည်း ဖြစ်ပွားနိုင်ပေမဲ့ ဖြစ်ပွားနိုင်သည့်အန္တရာယ် များစွာနည်းပါးကြောင်း ဗြိတိန်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုက တွေ့ရှိထားသည်။ COVID-19 ဖြစ်ခဲ့ဖူးသူများ အထူးသဖြင့် ဆေးရုံတက် ကုသမှုခံယူခဲ့ရသူများမှာ သွေးခဲမှုပိုမိုဖြစ်နိုင်သည်ဟု ဆိုသည်။ သိပ္ပံပညာရှင်တွေက မည်သည့်အချိန်တွင် ထိုသို့ သွေးခဲမှုအန္တရာယ် ပုံမှန်အဆင့်ပြန်ရောက်မည်ကို လေ့လာသိရှိလိုကြသည်။



သိပ္ပံပညာရှင်တွေက ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလနှင့် ၂၀၂၁ ခုနှစ် မေလအတွင်း ဆွီဒင်နိုင်ငံတွင် COVID-19 ကူးစက်ခံခဲ့ရသူ တစ်သန်းကျော်၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ခဲ့ကြသည်။ ထို့နောက် အဆိုပါ အချိန်ကာလတူအတွင်းမှာပင် COVID-19 ကူးစက်ခံခဲ့ရခြင်းမရှိသူ လေးသန်း၏ ကျန်းမာရေးအခြေအနေနှင့် နှိုင်းယှဥ်ကြည့်ခဲ့ကြသည်ဟု ဆိုသည်။ ထို့သို့ နှိုင်းယှဥ်လေ့လာမှုအရ COVID-19 ကူးစက်ခံပြီးနောက် အောက်ဖော်ပြပါ သွေးခဲမှုအန္တရာယ် မြင့်မားနေကြောင်း တွေ့ရှိခဲ့ကြသည်။

 

  • - သုံးလကြာအထိ ခြေထောက်တွင် သွေးခဲမှု သို့မဟုတ် deep vein thrombosis (DVT)
  • - ခြောက်လကြာအထိ အဆုတ်တွင် သွေးခဲမှု သို့မဟုတ် pulmonary embolism
  • - နှစ်လကြာအထိ လေဖြတ်ခြင်းကဲ့သို့ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်မှု

ထို့အတူ COVID-19 ကူးစက်ခံခဲ့ရသူနှင့် ကူးစက်ခံရခြင်းမရှိသူတို့ကြား နှိုင်းယှဥ်မှုအရ သုတေသီတွေက အောက်ပါအတိုင်း တွေ့ရှိခဲ့ကြသည်။

 

  • - DVT ခေါ် ခြေထောက်တွင် သွေးခဲမှုကို COVID-19 လူနာ ၁၀,၀၀၀ လျှင် လေးဦးတွင် တွေ့ရပြီး COVID-19 ကူးစက်ခံရခြင်းမရှိသူများတွင်မူ ၁၀,၀၀၀ လျှင် တစ်ဦးနှုန်း တွေ့ရသည်။
  • - COVID-19 လူနာ ၁၀,၀၀၀ လျှင် ၁၇ ဦးက အဆုတ်တွင် သွေးခဲမှုဖြစ်ပြီး COVID-19 မရှိသူတွေမှာ ၁၀,၀၀၀ လျှင် တစ်ဦးနှုန်းအောက်ဖြစ်သည်

အပတ်စဥ်ထုတ် The BMJ ဆေးဘက်ဆိုင်ရာဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာတွေ့ရှိမှုအရ COVID-19 ပထမလှိုင်းက နောက်ပိုင်းဖြစ်ပွားသည့် ကူးစက်မှုလှိုင်းတွေထက် သွေးခဲမှုအန္တရာယ် ပိုမိုမြင့်မားကြောင်းလည်း ပြောထားသည်။

ကပ်ရောဂါကာလအတွင်း ကုသမှုများ ပိုမိုတိုးတက်လာခြင်းနှင့် COVID-19 ဒုတိယလှိုင်းအရောက်တွင် လူနာဟောင်းများ ကာကွယ်ဆေး စတင်ထိုးလာခဲ့ခြင်းကြောင့် နောက်ပိုင်း ကူးစက်မှုလှိုင်းတွေမှာ သွေးခဲမှုအန္တရာယ် လျော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။



Source: BBC, BMJ