ဒီးမော့ဆိုမြို့နယ်တွင်း ထီးသော်ကူးအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး

ဒီးမော့ဆိုမြို့နယ်တွင်း ထီးသော်ကူးအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၄)ဦး သေဆုံး
ဧပြီ 2, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်များ နှင့် KNDF ပူးပေါင်းအဖွဲ့တို့ ထီးသော်ကူးကျေးရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က (၄)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရသွားကြောင်း KNDF က ယနေ့ ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်လာသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ထူလွှီးဘီလာကျေးရွာဘက်မှ ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့၏ KNDF B-15 ၊ KNDF B04 တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး KNDF ဘက်က ထိခိုက်မှု တစ်စုံတစ်ရာမရှိဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည့်အတွက် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတဝိုက်တွင် ပြည်သူများ သွားလာခြင်း မပြုလုပ်ကြပါရန် အထူး အသိပေးအပ်ပါသည်။

ဟု KNDF B04 က အသိပေး မေတ္တာရပ်ခံထားရှိသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်နီ(ကယား)ပြည်နယ်အတွင်း လက်နက်အင်အား၊ လူအင်အားများစွာဖြင့် စစ်ကြောင်းထိုးနေသည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်သလို အထိနာသွားသည့် အချိန်တွင်လည်း လေကြောင်းဖြင့်ပါ လိုက်ရောက်ဗုံးကြဲလေ့ရှိပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရာကနေ ပြည်သူများရှိရာ နေရာများအထိပါ ဦးတည်လာနေသည်ဟု ဒေသခံများထံက သိရသည်။