ယင်းမာပင်မြို့နယ် မျောက်နုံးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် အာဏာသိမ်းစစ်တပ်က ရွာတွင်းမှ အရပ်သားအချို့ကို ဖမ်းဆီး

ယင်းမာပင်မြို့နယ် မျောက်နုံးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် အာဏာသိမ်းစစ်တပ်က ရွာတွင်းမှ အရပ်သားအချို့ကို ဖမ်းဆီး
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာများကို လှည့်လည်ဝင်ရောက်မွှေနှောက်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် မျောက်နုံးရွာအနီး၌ ဒေသကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ရွာတွင်းမှ အရပ်သား (၈)ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အာဏာသိမ်းစစ်တပ်သည် ယင်းမာပင် လက်ပံတောရွာတွင် အရပ်သား (၁၂) ဦးကို သတ်ခဲ့ပြီးနောက် အိုးဘိုရွာတွင် မတ်လ (၁၀) ရက်နေ့၌ တပ်စွဲခဲ့ပြီး ယနေ့နံနက်ပိုင်း မျောက်နုံးရွာဘက်ထွက်ခွာလာကြစဉ် ပဒေသာမိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု  ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါ အာဏာသိမ်းစစ်တပ်သည် ယင်းမာပင်မြို့နယ်အတွင်း လက်ပံတောကျေးရွာ၊ ကံသာကျေးရွာနှင့် သီးကုန်းကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် အိုးဘိုကျေးရွာအနောက်တောင်ဘက်မှ တောလမ်းအတိုင်း ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာများတလျှောက် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသတွင်းရှိ ကာကွယ်ရေးတပ်များဖြစ်ကြသည့် ‌မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့၊ Triple Two Task Force၊ MTOF Alpha Special Force၊ Yimarbim Local PDF ၊ ဗိုလ်သူရိန်အဖွဲ့နှင့် ဒေသခံပကဖ ရဲဘော်များ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုံးရှုံးခဲ့ရသော အသက်အိုးအိမ်စည်းစိမ်များနှင့် လူ့အခွင့်အရေးများအား မိဘပြည်သူများနှင့် ထပ်တူ ထပ်မျှ ခံစားရပါတယ်ဗျာ။ ကျွန်ုပ်တို့ကြောင့် ပျက်စီးမှုတစုံတရာရှိခဲ့ပါကလည်း ပြန်လည်ထူ ထောင်ရေးကာလတွင် တစ်တပ်တစ်အား ပါဝင်အားဖြည့်တည်ဆောက်သွားပါမည်ဟု ကတိပြုပါသည် 

ဟု  ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုအား အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး အာဏာသိမ်းအဖွဲ့ကလည်း စစ်တပ်အင်အားဖြင့် အင်အားသုံးတိုက်ခိုက်နေခြင်းဖြစ်သည်။