မင်းအောင်လှိုင်၏ ထီးတင်ပွဲအပြီး နောက်တစ်နေ့တွင် ကျိုင်းတုံမြို့၌ လူ(၅)ဦးထက် ပိုမစုရ၊ ညမထွက် ရ အမိန့်ထုတ်

 မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် ထီးတော်တင်ပွဲ
မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် ထီးတော်တင်ပွဲ
မင်းအောင်လှိုင်၏ ထီးတင်ပွဲအပြီး နောက်တစ်နေ့တွင် ကျိုင်းတုံမြို့၌ လူ(၅)ဦးထက် ပိုမစုရ၊ ညမထွက် ရ အမိန့်ထုတ်
ဖေဖော်ဝါရီ 16, 2022 | ရှမ်းရှေ့

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့်အဖွဲ့ လူစုလူဝေးဖြင့် ထီးတင်ပွဲ ပြုလုပ်ခဲ့သည့် ကျိုင်းတုံမြို့တွင် ထီးတင်ပွဲ ပြုလုပ်အပြီး နောက်တစ်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် လူ(၅)ဦးထက် ပိုမစုရ အမိန့်ထုတ်ကာ   ညမထွက်ရ အမိန့် ထပ်တိုးလိုက်ကြောင်း သိရသည်။

အမိန့်ထုတ်ပြချက်

စစ်ကောင်စီ၏ တပ်ပေါင်း (၂၀)ကျော်အခြေပြုပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ နယ်မြေလည်းဖြစ်သည့် ကျိုင်းတုံမြို့တွင်  "လူအချို့က လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမှုဆောင်ရွက်နေသည်ကို တွေ့ရ၍"ဟု ဆိုကာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ရက်စွဲဖြင့် ရာဇတ်ကျင့်ထုံးဥပဒေ ပုဒ်မ - ၁၄၄ အမိန့်ကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသော သူများသည် ကျိုင်းတုံမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်း မပြုလုပ်ရန် နှင့် ည(၁၀)နာရီမှ နံနက်(၄)နာရီအထိ ညမထွက်ရန် ဖော်ပြထားရှိသည်။

 

အာဏာသိမ်း  စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဇနီး အပါအဝင် အဖွဲ့သည် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် ထီးတော်တင်ပွဲ တက်ရောက်ရန်အတွက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် ထီးတော်တင်ပွဲသို့ တက်ရောက်ပြီးနောက် ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် အဆိုပါ အမိန့် ထုတ်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ကျင်းပခဲ့သည့် ထီးတင်ပွဲ

မအလ ထီးတင်ပွဲပြီးတာနဲ့ လူ(၅)ဦးအထက် ပိုမစုရ၊ ညမထွက်ရ အမိန့်ထုတ်လာတယ်။  လူမစုရဆိုပေမဲ့လည်း သူတို့ စုချင်ရင် ကြိုက်သလောက် စုနေကြတာပဲ၊ ဥပဒေအထက်မှာ သူတို့က ရှိနေပြီးသားဆိုတော့ အမိန့်ကိုတော့ ကြိုက်သလို ထုတ်နေကြမှာပဲ။ ဘာဖြစ်ဖြစ် ပြည်သူတွေက မကြောက်ရဘူး။ မအလ နောက်လိုက်တွေက ပိုကြောက်နေပုံရတယ်။ ဒီမှာက ဒေသခံတွေက ဘာမှမဖြစ်နေဘူး။ သူတို့ကိုပဲ ကြောက်နေရတယ်။ လမ်းမှာ ဖုန်းယူစစ်ရတာနဲ့ ရဲက မသိရဘူး၊ စရဖက ဖမ်းသွားပြီး စစ်ကြောရေးလုပ်ရတာနဲ့  ငွေညှစ်ရတာနဲ့ ဒေသခံတွေက သူတို့ကိုပဲ ကြောက်နေရတယ်။ မအလ ဒီကို မလာခင်ကတည်း စစ်ဆေးရေးတွေ လုံခြုံရေးတွေ အရမ်းတင်းကြပ်ခဲ့သေးတယ်။ သူတို့လည်း လိပ်ပြာမလုံလို့ နေမှာပေါ့

ဟု ကျိုင်းတုံ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ထားသည့် ကာလများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း၌ အဓိက အားဖြင့် တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့တွင် ရဲ နှင့် စစ်တပ်က ညပိုင်း လှည့်လည်ဖမ်းဆီးပြီး ညမထွက်ရ အမိန့်ကို အကြောင်းပြကာ ငွေညှစ်မှုများ ပြုလုပ်လေ့ရှိသည်ဟုလည်း သိရသည်။