အလုံမြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စုပိုင် Mytel ရုံး ပေါက်ကွဲ မီးလောင်ပြီးနောက် အနီးရှိလမ်းမှ တိုက်ခန်း (၆)လွှာစလုံးကို ချိတ်ပိတ်

အလုံမြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စုပိုင် Mytel ရုံး ပေါက်ကွဲ မီးလောင်ပြီးနောက် အနီးရှိလမ်းမှ တိုက်ခန်း (၆)လွှာစလုံးကို ချိတ်ပိတ်
ဖေဖော်ဝါရီ 2, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းရှိ အာဏာသိမ်း စစ်အုပ်စုပိုင် Mytel (service) ရုံးခွဲတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂) ရက်နေ့က ပေါက်ကွဲမီးလောင်မှုဖြစ်ပွားပြီးနောက် အနီးရှိ ဆင်ရေကန်လမ်းမှ တိုက်ခန်း (၆)လွှာစလုံးကို ချိတ်ပိတ်ကာ နေထိုင်သူများအား နှင်ထုတ်လိုက်ကြောင်း သိရသည်။ 

ယနေ့နံနက် (၅)နာရီဝန်းကျင်က အဆိုပါရုံးခန်းတွင် ပေါက်ကွဲသံနှစ်ဆင့်ကြားရပြီးနောက် မီးလောင်သည်ကို တွေ့ရကြောင်း ဒေသခံများက Tachileik News Agency သို့ အတည်ပြုပြောကြားပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပါ။

အဲ့ဘေးနားလေးက တိုက်နံပတ် ၄၉ ဘယ်ဘက်ခြမ်း အခန်း (၆)လွှာစလုံးကို ချိတ်ပိတ်တယ်ဆိုပြီး အကုန်နှင်ချလိုက်တာ။ Mytel ရုံးဗုံးကွဲတာနဲ့မဆိုင်ဘူး။ မြေရှင်က PDF နဲ့ ဆက်စပ်လို့ဆိုပြီး ပြောတာ။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယင်းအပြင် အဆိုပါတိုက်ခန်းမှ (၃) ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု တစ်ဆင့်ကြားသိရကြောင်း အဆိုပါ ဒေသခံကပြောသည်။

Mytel ရုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ Special Task Agency of Burma (STA)  အဖွဲ့က လုပ်ဆောင်သည်ဟု သတင်းထုတ်ပြန်ထားရှိပြီး အာဏာသိမ်းတပ်နှင့်ရဲက စစ်ဆေးမှုများ တင်းကြပ်စွာလုပ်နေသည်ကို တွေ့ရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ယမုံနာ (၁)ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ Mytel တာဝါတိုင်စောင့်စစ်သားများကို  ရန်ကုန်ပြောက်ကျားအင်အားစု IGF (UG) က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ  (၁)ဦး ဒဏ်ရာပြင်းထန်ကြောင်း IGF(UG) က ထုတ်ပြန်ထားသည်။

#TachileikNewsAgency